ချင်းတိုးတက်ရေးပါတီ ဥက္ကဌ ပူးနိုးထန်ကပ်နှင့် စကားပြောခြင်း

ခိုနူမ်းထုန်သတင်း၊ ၂၀ ဒီဇင်ဘာ ၂၀၁၀ -





နအဖစစ်အစိုးရကကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ပြီးတော့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ကနေ ချင်းလူမျိုးစု လွှတ်တော် ကိုယ်စား လှယ်လောင်းအဖြစ် အရွေးခံရသူ၊ချင်းတိုးတက်ရေးပါတီရဲ့လက်ရှိဥက္ကဌ လည်း ဖြစ်တဲ့ ပူး နိုးထန်ကပ်ကို ခိုနူမ်းထုန်သတင်းဌါန က ဆက်သွယ်မေးမြန်းထားပါတယ်။





မေး။ ။ ရွေးကောက်ပွဲက ပြီးသွားပြီဆိုတော့ ချင်းတိုးတက်ရေးပါတီ(စီပီပီ) အနေနဲ့ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွေမှာ ပထမဆုံးဘယ်လိုလုပ်ငန်းတွေကိုအကောင်အထည်ဖော်ဖို့စီစဉ်စိတ်ကူးထားလဲ။



ဖြေ။ ။ အသေးစားစက်မှုလက်မှုလုပ်ငန်းကိုဦးစားပေးရင်ကောင်းမလားလို့ပဲ။ အဲဒါမှအိမ်ထောင်စုတိုင်းရဲ့ဝင်ငွေတိုး လာမလားဆိုပြီးအဓိကထားစဉ်းစားတယ်။

မေး။ ။ အသေးစားစက်မှုလက်မှုလုပ်ငန်းဆိုတာ ဘာတွေကိုအဓိကထားပြောချင်တာပါလဲ။



ဖြေ။ ။ အထည်ချုပ်စက်ရုံ၊ ဖိနပ်စက်ရုံ၊ ပင်မှည့်သီးဘူးစသဖြင့်..လွယ်တဲ့ဟာလေးတွေပေါ့.. အိမ်တွင်းမှုစက်ရုံလို့ ဆိုရမှာပေါ့နော်၊ အဲလိုမလုပ်ရင် ပြည်သူတွေရဲ့ဘဝပြောင်းလဲမှု မရှိနိုင်ဘူးထင်တယ်။

မေး။ ။ အိမ်တွင်းမှုလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ ပြည်သူတွေကဘယ်လောက်ထိအကျိုးခံစားနိုင်မယ်လို့ ယုံကြည်ပါသလဲ။



ဖြေ။ ။ ယခုလက်ရှိချင်းပြည်သူမိသားစုတစုရဲ့ဝင်ငွေကိုတွက်ကြည့်မယ်ဆိုရင် တစ်သောင်း၊ နှစ်သောင်းလောက်ပါပဲ။ ငါးသောင်း တောင်မှာပုံမှန်မရကြတော့ဘူး။ အဲဒီတော့ အိမ်တွင်းမှုလုပ်ငန်းလုပ်မယ်ဆိုရင် အလုပ်လက်မဲ့ပြဿနာအများကြီး ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တယ်။ အိမ်ထောင်စုတိုင်းရဲ့ ဝင်ငွေလည်းသိန်းနဲ့ချီပြီးတော့ တိုးတက်လာနိုင်မယ်လို့ ထင်တယ်။ ပြည်သူလူထုဝင်ငွေတိုးလာအောင်၊အကျိုးခံစားနိုင်အောင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကိုအမြန်ဆုံးအကောင်အထည်ဖော်သင့်တယ်။



မေး။ ။ ဈေးကွက်နဲ့ပတ်သက်ပြီးတော့ ဘယ်ဒေသတွေကိုအဓိကထားပြီးတော့ပို့ဆောင်လို့ရနိုင်မလဲ။



ဖြေ။ ။ ဈေးကွက်ကတော့ နယ်စပ်နဲ့ ပြည်မဆိုပြီးအမြဲတမ်း နှစ်ခုရှိနိုင်မယ်။ ခုလက်ရှိမှာကျတော်တို့ချင်းတွေ ပြည်ပကိုပို့နိုင်တာကဝက်၊ နွား၊ နွားနောက် လောက်ပဲလေ။ ကျတော်တို့ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကို အကောင်အထည်ဖော်နိုင်မယ်ဆိုရင် တရုတ်ပြည်၊ရွှေလီဘက်ကိုကုန်ပစ္စည်းတွေသွားဝယ်နေစရာမလိုတော့ ပဲမီဇိုရမ်ဘက်ကိုပို့နိုင်မယ်။ ရန်ကုန်မြို့လှိုင်သာယာက ချုပ်တဲ့အထည်တွေ အမေရိကားထိပို့နေတယ်လေ။ ချင်းတွေကတကယ်အလုပ်လုပ်တဲ့လူတွေပဲ၊ ဘာလို့မလုပ်နိုင်ရမှာလဲ။

မေး။ ။ အဲဒီလုပ်ငန်းတွေအတွက် ပါတီကရင်းနှီးမြုပ်နှံမှုအတွက် လိုအပ်တဲ့ ငွေကြေးဘယ်လိုရနိုင်မလဲ။



ဖြေ။ ။ ပါတီကရင်းနှီးမြုပ်နှံစရာလိုမယ်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုရင် ပြည်နယ် ဘတ်ဂျက်မှာအဲဒါမျိုးတွေ အများကြီးလာမှာ…ဘဏ္ဍာရေးကော်မရှင်ဖြတ်သန်းပြီးတော့.. အဲဒီထဲကနေ ဝေစု (alottment) အများကြီးရနိုင်အောင် ပါတီကဖိအားပေးမယ်၊မရရအောင် တောင်းဆိုမယ်လေနော်။



မေး။ ။ ဘဏ္ဍာရေးဌါနကိုအားကိုးတယ်ဆိုတဲ့သဘောလား။



ဖြေ။ ။ ဟုတ်တယ်.. NGO တွေနဲ့ လက်တွဲလုပ်ဆောင်တာတော့ ဖြစ်ရင်လဲဖြစ်လာမှာ..ပါတီတခုအနေနဲ့ အစိုးရဘဏ္ဍာငွေမသုံးရင် ကောင်းပါ့မလားလို့ စဉ်းစားတယ်။



မေး။ ။ ပြည်နယ်အတွက် ဘဏ္ဍာရေးဌါနကနေအလုံအလောက်ရနိုင်မယ်လို့ ယုံကြည်ပါသလား။



ဖြေ။ ။ ဟုတ်တယ်.ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုရင် ဘဏ္ဍာရေးကော်မရှင်မှာ ပြည်နယ်ဝန်ကြီးချုပ် လည်းပါတယ်လေ။ သူကအများကြီးတင်ပြနိုင်မှာ။ State Legislative Assembly ပြည်နယ်ဥပဒေပြုအဖွဲ့ တင်ပြတဲ့ဟာကိုသူကထပ်ဆင့်တင်ပြရုံပဲလေ။ အဲဒီတော့ လမ်းအများကြီးပွင့်လာမယ် လို့ယုံကြည်တယ်။ အရင်ကချင်းပြည်နယ်အတွက် ဗဟိုကနေပေးတဲ့ဝေစုထက် လေးငါးဆလောက် မလုပ်နိုင်ဘူးလားလို့ စဉ်းစားတယ်။ ပါတီတစ်ခုရဲ့အလုပ်ကအဲဒါဖြစ်လာတော့မှာလေ။ ပြီးတော့ ကျတော်တို့ ရွေးကောက်တင်မြောက်ထားတဲ့ ပုဂ္ဂိုလ်တွေရဲ့ အလုပ်ကလည်းအဲဒါပဲဖြစ်တော့မှာလေ။ အဲဒါကိုမလုပ်ဘူးဆိုရင် ဘာအလုပ်မှ လုပ်လို့ရမှာမဟုတ်ဘူး။

မေး။ ။ ပို့ဆောင်ဆက်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ပါတ်သက်ပြီးတော့ ဘယ်လိုအစီအစဉ်တွေရှိထားလဲ။



ဖြေ။ ။ အင်… အမြန်ဆုံးဆောင်ရွက်သွားမယ်။ လမ်းပန်းဆက်သွယ်ရေးမှာ ပြည်မနဲ့ဆက်သွယ်ရေးကအင်မတန်မှ ခက်ခဲပါတယ်။ ဥပမာ- ဟားခါးကနေမုံရွာထိလောက်တော့ ကောင်းရမယ်။ တောင်ပိုင်းမှာလည်းအဲဒီတိုင်းပဲ။ ရတဲ့နေရာတိုင်းမှာလမ်းပေါက်အောင် လုပ်မယ်ဆိုတာကျတော်တို့ အဓိကရည်ရွယ်ချက်ပဲ။ အနည်းဆုံးမုံရွာ၊ မန္တလေးထိတော့ ပေါက်အောင် အတတ်နိုင်ဆုံး ကြိုးစားသွားမယ်။ အဲဒါမှလည်းကျတော်တို့ ဈေးကွက်ပြိုင်ဆိုင်မှုမှာနောက်မကျပဲနဲ့ ထုတ်ကုန်တွေလည်းအကျိုးအမြတ်ရမယ်။

မေး။ ။ အဲဒီလိုလမ်းတံတားတွေဖောက်လုပ်ရေးတွေလုပ်တဲ့အခါမှာအရင်အစိုးရလိုပဲလုပ်အားပေးစနစ်နဲ့လား ဒါမှမဟုတ် အဲဒီလုပ်ငန်းက ပြည်သူတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲ။



ဖြေ။ ။ လုပ်ငန်းစီမံကိန်းတခုခုအကောင်အထည်ဖော်တဲ့နေရာမှာ ပြည်သူလူထုရဲ့ ငွေအင်အား၊ လူအင်အားကိုမသုံးပဲနဲ့ အဲဒီလုပ်ငန်းတွေကနေဝင်ငွေရနိုင်ဖို့ကိုသာရည်ရွယ်ပါတယ်။ အရင်က.. ကလေးကဘော်ဒေသဘက်မှာတံတားတစ်စင်း ဆောက်ပြီဆိုရင် ပြည်သူတွေကလုပ်အားပေးရသေးတယ်။ ငွေလည်းကောက်ခံသေးတယ်။ အဲဒီစနစ်ကိုပြောင်းလဲပစ်မယ်။ ပြောင်းလဲလို့လဲရနိုင်မယ်။ ဘာလို့လဲဆိုတော့ အာဏာကလွှတ်တော်မှာရှိမယ်။ လွှတ်တော်မှာကျတော်တို့လည်းပါမယ်ဆို တော့ ခက်ခဲလိမ့်မယ်မထင်ဘူး။

မေး။ ။ လုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ဖို့အတွက် NGOs၊ ပုဂ္ဂလိကသူဌေးတွေနဲ့လက်တွဲစရာမလိုအပ်ဘူးလား။



ဖြေ။ ။ လိုအပ်တာပေါ့.. ၆၀% ကိုအစိုးရဘဏ္ဍာတော်ကိုအားကိုးပြီးတော့ ကျန်တဲ့ ၃၀ ကနေ ၄၀ ရာခိုင်နှုန်းခန့်ကိုတော့ ခုနခင်္ဗျားပြောသလို NGO၊ ဒါမှမဟုတ် နိုင်ငံခြားတိုင်းပြည်တခုခုပေါ့..စိတ်ဝင်စားတဲ့သူကိုခေါ်မှာပေါ့။



မေး။ ။ ခုလက်ရှိမှာရောအဲဒီလိုလက်တွဲဖို့ ဆက်သွယ်ထားတာတွေ ရှိပြီလား။



ဖြေ။ ။ မရှိသေးဘူး… နိုင်ငံခြားရောက် ကျတော်တို့ ညီအစ်ကိုတွေ၊ လုပ်နိုင်မယ့်သူတွေနဲ့ တကယ်လက်တွဲပြီးတော့ လုပ်ဆောင်ဖို့လိုအပ်မယ်။ နိုင်ငံခြားအကူအညီမပါပဲနဲ့တော့.. ဥပမာ- ၇ နှစ်လောက်ကြာပြီဖြစ်တဲ့ Runva Hydro Electric လည်းကျတော်သွားကြည့်သေးတယ်။ ပိုက်ဆံမရှိလို့ဆိုပြီးတော့ လုပ်ငန်းရပ်တန့်နေတယ်။ အဲဒါကြောင့် ဗမာပြည် ဘတ်ဂျက်တခုကိုပဲစောင့်နေမယ်ဆိုရင် နောင် ၄၊ ၅ နှစ်ထိကျတော်တို့ ဘာမှ လုပ်နိုင်မှာမဟုတ်ဘူး။

မေး။ ။ ပညာရေးနဲ့ပတ်သက်ပြီးတော့ စီပီပီအနေနဲ့ဘယ်လိုစီမံကိန်းတွေရှိတယ်ဆိုတာရှင်းပြပေးပါလား။



ဖြေ။ ။ ပညာရေးနဲ့ပတ်သက်ရင် အစိုးရအခြေခံဥပဒေမှာအခြေခံမူလတန်းကျောင်းကိုအခမဲ့ကျောင်းဖြစ်အောင် လုပ်မယ်ဆိုပြီး ပြဌါန်းထားပါတယ်။ ကျတော်တို့ကတော့ မူလတန်းတခုတည်းမဟုတ်ပဲအလယ်တန်းကျောင်းအထိအခမဲ့ ကျောင်းဖြစ်နိုင်အောင် ပြည်နယ်ဘဏ္ဍာငွေကိုအသုံးပြုနိုင်ဖို့ နည်းလမ်းရှာမယ်လို့ စဉ်းစားတယ်။

မေး။ ။ လျှပ်စစ်မီးနဲ့ပါတ်သက်ပြီးတော့လည်း ဘယ်လိုအစီအစဉ်တွေရှိလည်းဆိုတာဆက်ရှင်းပြပေးပါဦး။



ဖြေ။ ။ လျှပ်စစ်မီးနဲ့ပါတ်သက်ရင် တတ်နိုင်သလောက်၊ စွမ်းဆောင်နိုင်သလောက် ရနိုင်အောင်ကြိုးစားမယ်။

မေး။ ။ ခုပြောခဲ့တဲ့ လုပ်ငန်းစီမံကိန်းတွေကိုဘယ်အချိန်မှာစတင်အကောင်အထည်ဖော်နိုင်မှာလဲ။



ဖြေ။ ။ ဖေဖော်ဝါရီလကုန်ပိုင်း၊ မတ် လလောက်မှာစတင်နိုင်မယ်လို့ ထင်တယ်။

၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ရွေးကောက်ပွဲမှာ ချင်းပြည်နယ်တွင် လွှတ်တော်သုံးရပ်စလုံးအတွက် မဲဆန္ဒနယ်မြေ ပေါင်း ၃၉ နေရာရှိသည့်အနက် ချင်းအမျိုးသားပါတီက စုစုပေါင်း ( ၉ ) နေရာ ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ က စုစုပေါင်း ( ၁၈ )နေရာ ၊ တိုင်းရင်းသား လူမျိုး များဖွံ့ဖြိုးရေးပါတီက စုစုပေါင်း ( ၁ ) နေရာ၊ ချင်းတိုးတက်ရေးပါတီက စစ်ကိုင်းတိုင်း ကလေးမြို့ အပါအ၀င် စုစုပေါင်း( ၁၂ ) နေရာဖြင့် အသီးသီးရရှိခဲ့ကြသည်။