Pu Zo Zam (ပူဇိုဇမ်း) Chin National Party

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဧပြီလ ၀၉ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၄၄ မိနစ် .

ပူးဇိုဇမ် (Pu Zo Zam)
(ဥက္ကဋ္ဌ၊ ချင်းအမျိုးသားပါတီ)


အမည် ပူးဇိုဇမ် (Pu Zo Zam)

ငယ်နာမည် Zam Cim Pao

ကလောင်နာမည် Zo Zam

မွေးသက္ကရာဇ် ၂၆. ၆. ၁၉၅၆

မွေးရပ်ဇာတိ Thuk Lai ကျေးရွာ၊ တီးတိန်မြို့နယ်၊ ချင်းပြည်နယ်

မိဘအမည် ကျောင်းအုပ်ကြီး ဖခင် C.Mang Thawng နှင့် မိခင် Ciin Khaw Mang

မွေးချင်း ၁၁ ဦးအနက် ၈ ဦးမြောက်

ဇနီး ကျောင်းဆရာမ Cing Tuai

သားသမီး သား ၂ ဦး၊ သမီး ၁ ဦး

နေရပ်လိပ်စာ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်တိုင်း

ပညာအရည်အချင်း ၁၉၈၂-၈၃ ခုနှစ် ဂျာမဏီနိုင်ငံသို့ အစိုးရ ပညာတော်သင်အဖြစ် ၂ နှစ် သွားရောက် သင်ကြားခဲ့။ မကွေးတိုင်း ချောက်မြို့ GTI ကျောင်းသား၊ မန္တလေးသက္ကသိုလ် ဓာတုဗေဒဘာသာရပ်မှ ရန်ကုန်သက္ကသိုလ်သို့ ပြောင်းရွှေ့၊ ဇီဝဗေဒဘာသာရပ် ဘွဲ့ယူ။ ၂ဝဝ၈ ခုနှစ် စီးပွားရေး တက္ကသိုလ် ဖွံ့ဖြိုးရေးပညာ မဟာဘွဲ့ရခဲ့။


အလုပ်အကိုင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ခေတ်တွင် စက်မှုသင်တန်းကျောင်းတွင် နည်းပြဆရာအဖြစ် ၁၂ နှစ်ခန့် တာဝန်ယူခဲ၊ ၁၉၈၈ ခုနှစ်တွင် အလုပ်မှ နှုတ်ထွက်ခဲ့။

စာနယ်ဇင်းများတွင် ကာတွန်းရေးဆွဲ၊ ကာတွန်းစာအုပ်ထုတ်၊ မဟေသီမင်္ဂဇင်းတွင် ဆောင်းပါးရေး။ ၂ဝဝ၄ ခုနှစ် ကြေးမုံသတင်းစာတွင် ချင်းတောင်အခြေအနေနှင့်ပတ်သက်၍ “ထင်းရှုးတောများ မပြုန်းစေချင်” ဆောင်းပါး ရေးသားခဲ့။

နိုင်ငံရေးသို့ ရောက်ရှိပုံ ကျောင်းတက်စဉ်ကတည်းက နိုင်ငံရေးလောကသို့ ရောက်ရှိလာခဲ့။ ဦးသန့် အရေးအခင်း၊ ချောက်မြို့ ကျောင်းသားအရေးအခင်းတွင် ပါဝင်ခဲ့။

ပါဝင်ခဲ့ဖူးသည့်အဖွဲ့ ရန်ကုန် ချင်းလူမှုရေးအသင်းတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ တီးတိန်မြို့ လူမှုရေးအသင်း ဒုဥက္ကဋ္ဌ၊ ချင်း နှစ်ခြင်းအသင်းတော် ဘာသာရေးအသင်းတွင် အတွင်းရေးမှူး တာဝန်ယူခဲ့ဖူး။

ပါတီအဖွဲ့အစည်း

အဖွဲ့ဝင် ၁၆ ဦး၊ အများအားဖြင့် ဘွဲ့ရကျောင်းသားလူငယ်များ ပါရှိသည့် အဖွဲ့ဝင် ၁၆ ဦးဖြင့် ချင်းအမျိုးသားပါတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည်။ ချင်းအမျိုးသားအားလုံး၏ အရေးအရာအတွက် ဦးစားပေး ဆောင်ရွက်မည်။ ထိုသို့သော သဘောထားချင်း၊ ခံယူချက်ချင်း၊ ခံစားချက်ချင်း တူညီသူများဖြင့် ပါတီအား ဖွဲ့စည်းထားခြင်း ဖြစ်သည်။

လာမည့် ရွေးကောက်ပွဲတွင် မွေးဇာတိ တီးတိန်မြို့နယ်မှ ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ရွေးချယ်ခံရန် ဆုံးဖြတ်ထားသည်။ ပါတီအနေဖြင့် ချင်းပြည်နယ် ၉ မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသည်။

ပါတီ၏ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်မှု အခြေအနေ

''၈ လ လောက်ကတည်းကနေ ပြင်ဆင်ခဲ့တယ်။ ကျနော်တို့ရဲ့ သဘောတရားတွေ နည်းနည်းပါးပါး ရှင်းလင်းထားတယ်။ တနှစ်ထဲမှာပဲ ရွာကိုပြန်ပြီး ပြောတာ ၄ ကြိမ် ရှိပြီပေါ့နော်။ ကျနော် ရွာတွေမှာ ပြောပြတာတွေ လုပ်ခဲ့တယ်။ အခု ပါတီထောင်ခွင့်ရပြီဆိုရင် တပြည်နယ်လုံးသွားပြီး စည်းရုံးဖို့ မျှော်မှန်းထားတယ်။ ကျနော်တို့အဖွဲ့တွေ အဲဒီ ၉ မြို့နယ်မှာ ကိုယ်စီရှိကြတယ်။ စည်းရုံးနေပါပြီ။ လူအင်အားကတော့ ဘယ်လောက်ရှိတယ်ဆိုတာ မသိနိုင်သေးဘူး''

ရွေးကောက်ပွဲဝင်ရသည့် အဓိက အကြောင်းအရင်းနှင့် ပါတီမူဝါဒ

''ကျနော်တို့က အလုပ်လုပ်ချင်တဲ့ လူတွေပဲ။ ဘယ်လို အလုပ်လုပ်ချင်လဲဆိုတော့ နှစ်ပေါင်း ၂ဝ လောက် အိမ်မက်မက်ကြတယ်။ အခု အိမ်မက်ကနေ လန့်နိုးရတော့မယ်။ မနိုးလို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုပ်နိုင်တဲ့ အခြေအနေလည်း ရှိတယ်။ လုပ်ချိန်လည်း တန်ပြီ။ ကျနော်တို့ အိမ်မက်မမက်ချင်တော့ဘူး။ လက်တွေ့ကျကျ အလုပ်လုပ်လို့ ရမယ်လို့ ထင်လို့ ကျနော်က ဒီနိုင်ငံရေးလောကထဲကို ဝင်တာ''

ပြည်သူလူထုက ပါတီအကြောင်း အကျယ်အပြန့် သိ၊ မသိ

''အဲဒါကတော့ မီဒီယာကနေ ပြောလို့ ရမှာပေါ့။ ပြည်သူသိဖို့ ခက်ပါတယ်။ ဒါပေမဲ့ ကျနော်ပြောရဲပါတယ်။ ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေး၊ ကျနော့်ရည်ရွယ်ချက်တွေ သိမယ်ဆိုရင်တော့ ကျနော့်ကို ဘယ်သူမှ ကန့်ကွက်မယ် မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်နဲ့အတူ ရင်ခုန်သံတူတဲ့ လူတွေ ပါလာကြမယ်လေ။ ကျနော်က ချင်းတမျိုးသားလုံးအတွက် ဆောင်ရွက်ဖို့ ရည်ရွယ်ထားတာကိုး။ ကမ္ဘာမှာရှိတဲ့ လူသားဝါဒ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ရမယ်လေ။ နောက်တခုက မြန်မာပြည်ရဲ့ ဒီမိုကရေစီစနစ် ပီပီပြင်ပြင် ပေါ်ထွန်းလာဖို့ဆိုတာ စိတ်ထဲမှာ အားလုံးရှိကြတာပဲ။ ကျနော်တို့က လက်တွေ့ကျကျ လုပ်လို့ရမယ်လို့ ရလိမ့်မယ်လို့ ထင်လို့ လုပ်ကြည့်မလို့ပါပဲ''

ဘယ်လိုအကြောင်းအရာကို အခြေခံပြီး စည်းရုံးမလဲ။

''စည်းရုံးရေးကတော့ မဆင်းသေးပါဘူး။ ရင်ခုန်သံချင်းတူရင်တော့ ကျနော့်လူတွေပဲ''

တရားမျှတမှုမရှိသော ရွေးကောက်ပွဲဥပဒေဟု ပြောဆိုသံများ ရှိနေစဉ် မည်သို့သောကြောင့် ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်သလဲ။

''ရွေးကောက်ပွဲဥပဒေက တရားမျှတမှု မရှိဘူးဆိုတာက ကျနော် နည်းနည်းပြောချင်တယ်။ ကျနော်တို့ တိုင်းရင်းသားအားလုံးရဲ့ ခံစားချက် မတူဘူးနော်။ ကိုယ့်ဗိုက်နာတာ ကိုယ်ပဲသိတယ်။ တရားတယ်၊ မတရားဘူးဆိုတာ ပြောလို့ မရဘူး။ ကျနော့်အနေနဲ့ ဒါကို တရားပါတယ်လို့ ပြောလို့ မရဘူးလေ။ ဒါ တရားတယ်၊ ဒါ မတရားဘူးဆိုပြီး ဘေးထိုင်ပြီး ပြောနေလို့ အလကားပဲ။ တရားသလား၊ မတရားဘူးလားဆိုတာ ကျနော် လက်တွေ့ကျကျ အလုပ်လုပ်ချင်တယ်။ အလုပ်လုပ်ရင် ပေါ်လာမယ်လေ။ အဲဒီအခါကျရင် မတရားရင်တော့ မတရားဘူးလို့ ပြောမှာပဲ။ တရားမျှတရင်တော့ တရားတယ်လို့ ပြောမှာပဲ။ ဘေးထိုင်ပြောလို့ မရတော့ဘူး။ ကိုယ်တိုင်ခံစားကြည့်မယ်''

၂ဝဝ၈ အခြေခံဥပဒေအပေါ် သဘောထား

''၂ဝဝ၈ ဖွဲ့စည်းပုံက တကယ်ပြင်ဆင်ဖို့ လိုအပ်တာ အများကြီးပါ၊ တကယ်လိုအပ်တာပါ။ ကျနော် ကြိုက်တာရှိတယ်၊ မကြိုက်တာ အများကြီးပါ။ ဒါကတော့ ကျနော်တယောက်ထဲ အယူအဆပါ။ ဘာကြောင့် ရွေးကောက်ပွဲ ဝင်သလဲဆိုတော့ ဥပမာတခုပေးမယ်။ ထမင်းစားပွဲတခု ဖိတ်တယ်၊ ထမင်းပွဲက ၁ဝဝ ရှိတယ်၊ ၂၅ ပွဲကို စားမယ့်သူ ရှိတယ်၊ ကျန်တဲ့ ၇၅ ပွဲ စားမယ့်သူ မရှိဘူးဆိုရင် ဒီအတိုင်း အပုပ်ထားမလား၊ ဒီအတိုင်း အပုပ်ထားခဲ့မလား။ ဒါဆိုရင် ၂၅ မှာလည်းစား ၇၅ မှာလည်း စားသင့်တဲ့ ပုဂ္ဂိုလ်တွေ စားကြမယ်လေ။ စားပွဲဝိုင်းမှာ ထိုင်တယ်ဆိုတာ အဲဒါပဲ။ ဒါကြောင့် စာပွဲဝိုင်းမှာ သောက်ကြစားကြ စကားပြောကြမှပဲ ကျနော်တို့ လိုရင်းကို ရောက်မှာ''

အာဏာရခဲ့လျှင် ပြည်သူအတွက် လုပ်ဆောင်ပေးမည့် ရည်မှန်းချက်နှင့် မည်မျှအထိ လုပ်ပိုင်ခွင့် ရမည်လဲ။

''ကျနော်ကတော့ အာဏာရဖို့ မမျှော်မှန်းရဲပါဘူးဗျာ။ အာဏာရဖို့ လုပ်တာ မဟုတ်ပါဘူး။ ကျနော် အယူအဆတခုပဲဖြစ်ဖြစ်၊ ကျနော်ရဲ့ အတွေးအခေါ်ပဲဖြစ်ဖြစ်၊ ကျနော့်ခံစားချက်၊ ခံယူချက်ပဲဖြစ်ဖြစ် ကျနော် ဖော်ထုတ်နိုင်လိမ့်မယ်လို့ ယူဆတယ်။ ကျနော် အာဏာတော့ ရမယ်မထင်ပါဘူး''

''လုပ်ပိုင်ခွင့်ကတော့ သူ့ဟာနဲ့သူ ရှိလိမ့်မယ်လို့ ထင်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ တကယ့်ပြည်သူရဲ့ အဆုံးအဖြတ်ခံရမယ်၊ ပြည်သူရဲ့ ကိုယ်တိုင်ရွေးကောက် တင်မြှောက်ခံရတဲ့လူ ဖြစ်လို့ရှိရင်တော့၊ အဲဒါကလည်း တကယ့်တရားမျှတတဲ့ ပြည်သူကိုယ်၌က ရွေးချယ်တင်မြှောက်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့လိုတယ်။ အဲဒါမှ ကျနော်တို့ရဲ့ ရည်မှန်းချက်ကိုက်မယ်လေ။ အာဏာရဖို့ပဲ လုပ်ရင်တော့ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူး။ အဓိကတော့ ပြည်သူ့ဆန္ဒကို ဖော်ထုတ်နိုင်လိမ့်မယ်ထင်လို့ လုပ်တာပဲ။ တကယ်လို့ လွှတ်တော်ထဲ ရောက်ရင်တော့ ကျနော့်တာဝန်ပါပဲ။ အဲဒီကနေ အဖွဲ့အစည်းကို တင်ပြလို့ ရမယ်။ အများက တင်ပြပိုင်ခွင့် ရှိတယ်။ ဖြစ်လာ၊ မဖြစ်လာဘူးဆိုတာကတော့ အများဆုံးဖြတ်ပေါ့နော်။ ကျနော် တင်ပြစရာရှိတာ တင်ပြမှာပဲ''

ရွေးကောက်ပွဲရလဒ်ကို နိုင်ငံတကာ အသိအမှတ်ပြုနိုင်ဖွယ် ရှိ၊ မရှိ

''ကျနော်တို့ မြန်မာပြည်က နိုင်ငံတကာတွေကို သိပ်ဂရုမစိုက်ပါဘူးဗျာ။ ကိုယ့်တိုင်းပြည်ကို ကျနော်တို့က ဦးစားပေးရတယ်။ ကျနော်တို့ ချင်းပြည်နယ်ဆို တော်တော်ကို အောက်ကျနောက်ကျခဲ့တယ်''

လက်ရှိ စီးပွားရေးမူဝါဒ အမြင်
''ကျနော်က Free Market (လွတ်လပ်သောဈေးကွက်) ၊ အထူးသဖြင့် ကျနော်က ချင်းပြည်နယ်အတွက် လုပ်နေတာကိုး အိန္ဒိယဈေးကွက်ကို ဖွင့်ချင်တယ်။ အိန္ဒိယဈေးကွက်က အကြီးကြီးပဲလေ။ အခု ကျနော်တို့နဲ့ အဲဒီ ဈေးကွက်က သိပ်မကျယ်ပြန့်သေးဘူး။ အိန္ဒိယဈေးကွက်ကို ကျနော်က အရမ်းနှမျောတာ။ စားသုံးသူ ဒီလောက်များတဲ့ အိန္ဒိယမှာ အခုထက်ထိ အသုံးမပြုသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ လမ်းပန်းဆက်သွယ်ရေး တအားခက်တာကိုး။ အဓိက ကျနော် နိုင်ငံရေးထဲဝင်တာ အဲဒါလည်း ပါတယ်။ ဒီချင်းတောင်ကနေ အိန္ဒိယကို လွတ်လွတ်လပ်လပ် စနစ်တကျ ဈေးကွက်ဖွင့်ချင်တယ်။ အဲဒါဆိုရင် ကျနော်တို့ ချင်းပြည်နယ် တအားတိုးတက်မယ်လို့ ကျနော်ထင်တယ်''

 
''ကျနော်က ရေကြောင်းတက္ကသိုလ်မှာ Master of Development study တက်ခဲ့တယ်။ ဒီပလိုမာတက်တယ်။ အဲဒီမှာ ပညာတိုးလာတယ်။ စီးပွားရေးနဲ့ ပတ်သက်လို့လေ။ အဓိကတော့ ဖွံ့ဖြိုးရေးပညာပေါ့။ ကိုယ့်ဒေသဖွံ့ဖြိုးဖို့ လက်တွေ့ကျကျ သင်ယူခဲ့တယ်။ သူများ ၂ နှစ်သင်တာ ကျနော်က ၄ နှစ်ခွဲလောက် သင်လာတယ်။ ကျနော်မွေးတဲ့ ဒေသဖွံ့ဖြိုးဖို့ ကျနော့်မှာ တာဝန်ရှိတယ်လို့ ခံယူထားတယ်''


''လျှပ်စစ်ဆိုရင် ကျနော်တို့ ကိုယ်ထူကိုယ်ထစနစ်နဲ့ မီးပေးထားတာ ရှိတယ်။ ရွာလေးတွေမှာ ချောင်းတွေမှာ ဟိုက်ဒရိုပါဝါလေးတွေ လုပ်ထားတာ ရှိတယ်။ အခု တီးတိန်မှာဆိုရင် လျှပ်စစ်ဓာတ်အား ပေးနေတာ။ ကျနော်တို့ လူငယ်တွေနဲ့ စုပေါင်းပြီးတော့ လုပ်ခဲ့တယ်။ မီဂါဝပ်က ၂ဝ၊ ၁ဝ ကီလိုဝပ် ရှိတယ်''

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်အပေါ် သဘောထား

''ကျနော်က ကျောင်းသားဘဝ အဖွဲ့ထဲပါတယ်။ ကျောင်းသားအဖွဲ့ထဲ ပါတာပေါ့ဗျာ၊ အဲဒီလောက်ဆို သဘောပေါက်ပါတော့။ ကျနော်တို့ အိမ်မက်မက်ခဲ့တာပါ''