အခမ်းအနာမှူး။ ။နံပါတ်(၈)အစီအစဉ်အရ ကယားပြည်နယ်ကိုယ်စားလှယ် မဟာသရေစည်သူ ဦးစိန်က ထောက်ခံရန်ဖြစ်ပါတယ်။
သြဘာသံများ
ဦးစိန်
သဘာပတိကြီး နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကြွရောက် လာကြတဲ့ လူမျိုးစုအသီးသီးမှ ခေါင်းဆောင်ကြီးများ ခင်ဗျား။ ဖက်ဒရယ်မူကိစ္စကို မပြောကြားမီ ပဏာမအားဖြင့် မင်္ဂလာစကား မြွက်ကြားပါရစေ။ ကျနော်တို့ဟာ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ဣဿရိယဂုဏ်တွေကို သိပြီးဖြစ်တဲ့အတိုင်း ကြည်ညို လေးစားခဲ့ကြပါတယ်။
ဒါအပြင် မကြာမီက ပုပ္ပါးတောင်မြတ်မှာ (၄၉)ရက် ဥပုသ်ဆောင်ဝင် တရားအား ထုတ်ပြီး မဟာသမ္မာသမ္ဗောဓိဆုမြတ်ကို ပန်ဆင်တဲ့အကြောင်း ရေစက်ချအမျှပေးဝေစာတမ်း မှာ တွေ့ရှိဖတ်ကြည့်ရလို့ အထူးဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဓနာ ခေါ်ယူကြပါတယ်။
ဒီစကားဟာ အမှန်စကား၊ သစ္စာစကားဖြစ်ပါတယ်။ ဒီသစ္စာဆိုရတဲ့အတွက် နိုင်ငံတော်ဝန်ကြီးချုပ်နဲ့တကွ ကြွရောက်လာကြတဲ့ ခေါင်းဆောင်ကြီးများ၊ ကျန်ပြည်ထောင်စုသားများဟာ ကိုယ်စိတ်နှစ်ပါ ကျန်းမာချမ်းသာပြီး ကျနော်များ ရည်မှန်းတောင့်တတဲ့ဆုအတိုင်း ခလုတ်မထိ ဆူးမငြိဘဲ မိသားစုစိတ်ဓါတ်ဖြင့် အလွယ်တကူ ပြီးမြောက် ပြည့်စုံပါစေလို့ ပဏာမစကားဖြင့် ဆုတောင်းလိုက်ပါတယ်။
လူကြီးမင်းများခင်ဗျား။ လူကြီးမင်းများ သိရှိပြီးဖြစ်တော်မူတဲ့အတိုင်း လွတ်လပ်သော အချုပ်အချာအာဏာပိုင် ပြည်ထောင်စုသမတနိုင်ငံ တည်ထောင်နိုင်ခဲ့တာဟာ တောင်တန်းဒေသခေါင်းဆောင်များနဲ့ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်အချင်းချင်း ညှိနှိုင်းတိုင်ပင် သဘောတူညီချမှတ်ခဲ့တဲ့ ပင်လုံညီလာခံရဲ့ အခြေခံသဘောတရားအနက် စာချုပ်များက အရင်းအမြစ်ဖြစ်ပါတယ်။
ဒီအရင်းအမြစ်ကို အခြေခံပြီး ပေါက်ဖွားလာတဲ့ ပြည်ထောင်စုသမတနိုင်ငံ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေဟာလည်း မူအားဖြင့် မဇ္ဈိမပဋိပဒါလမ်းစဉ်အရ ချိန်ခွင်လျှာလို တည့်မတ်နေပါတယ်။ တည့်မတ်တယ်ဆိုတာကတော့ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဆိုတဲ့ လောကပါလတရားနဲ့ သွန်းလုပ်ထားတဲ့ချိန်ခွင်လျှာဖြစ်ပါတယ်။ ဒီချိန်ခွင်လျှာဟာ ဘယ်အခါ၊ ဘယ်အချိန်၊ ဘယ်အခါဘဲသုံးသုံး အမြဲတည့်မတ်နေရပါမယ်။ ဒီလိုမှမဟုတ်ဘဲ လက်ျာဖက်ယိမ်းယိုင်ရင် ပဒေသရာဇ်အုပ်ချုပ်ရေးမျိုး၊ ဧကရာဇ် အုပ်ချုပ်ရေးမျိုး၊ သက်ဦးဆံပိုင်အုပ်ချုပ်ရေးမျိုးသို့ မသိမသာ ပြောင်းလဲ သွားတတ်ပါတယ်။
ဒီလိုပြောင်းလဲသွားရင် ကာမေသု ‘ကာမသုခလကံ’ဆိုတဲ့ ကာမဂုဏ်စည်းဇိမ်တွေယစ် အပျော်အပါးတွေများပြီး တိုင်းပြည်ကို အေးချမ်းသာယာအောင် မပေးနိုင်စွမ်းဘဲ မောဟတရားဖိစီးနေတဲ့ ဗောဓိသာရတို့ရဲ့ စည်းဇိမ်မျိုး ဖြစ်လာတတ်ပါတယ်။ ဒါဟာ တိုင်းပြည်တည်ဆောက်တဲ့နေရာမှာ မလိုလားအပ်၊ မကျင့်သုံးအပ်တဲ့ သတိထားအပ်တဲ့ လက်ျာလမ်းစဉ် အစွန်းထွက်တဲ့တရားဖြစ်ပါတယ်။
တဖန် ဒီ တည့်မတ်တဲ့ချိန်ခွင်လျှာဟာ လက်ဝဲဖက် ယိမ်းပြန်ရင်လည်း အတ္တကုလမတ္တာနသောကဆိုတဲ့ ကျောမွဲ လူတန်းစားတွေကို အကျိုးပြုသယောင်ယောင်နဲ့ ပေးသမျှယူ၊ ခိုင်းသမျှလုပ်၊ ထားသလိုနေ၊ ကျွေးလောက်စား၊ ရက်စက်ချင်သလို ရက်စက်၊ ဟော့ရမ်းချင်သလို ဟော့ရမ်း၊ ကြမ်းကြုတ်ချင်သလို ကြမ်းကြုတ်၊ ဖိနှိပ်ချင်သလို ဖိနှိပ်၊ ချုပ်ချယ်ချင်သလို ချုပ်ချယ်ပြီး လောဘ၊ ဒေါသ၊ မာန ဒိဌိတရားတွေက ဖုံးလွှမ်းလာတော့ ဖက်ဆစ်ဆန်မှန်း မသိဆန်၊ ဖြစ်မှန်းမသိဖြစ်လာ၊ အာဏာရှင်ဖြစ်မှန်းမသိ ဖြစ်လာကြာတော့ ဒါတွေကို အကောင်းထင်ပြီး Eichman တို့လို လူတွေမွေး၊ စည်းဇိမ်တွေယစ်ထွေးတဲ့ ဟစ်တလာစည်းဇိမ်မျိုး ဖြစ်လာတတ်ပါတယ်။ ဒါဟာ တိုင်းပြည်တည်ဆောက်တဲ့နေရာမှာ မလိုလားအပ်၊ မကျင့်သုံးအပ်တဲ့၊ သတိထားအပ်တဲ့ လက်ဝဲလမ်းစဉ် အစွန်းထွက်တရားဖြစ်ပါတယ်။
သဘာပတိကြီးနဲ့ ခေါင်းဆောင်ကြီးများခင်ဗျား။ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း အဓိကထားပြီး အုတ်မြစ်ချ တည်ဆောက်လာခဲ့တဲ့ ပြည်ထောင်စုသမတ မြန်မာနိုင်ငံတော်ဟာ မူအားဖြင့် မဇ္ဈိမပဋိပဒါ ဒီမိုကရေစီ ပြည့်ပြည့်ဝဝ ပေးထားရမယ့် လမ်းစဉ်၊ တောင်တန်းဒေသကိုယ်စားလှယ်များနဲ့ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ပြည်မခေါင်းဆောင်ကြီးများ ကြိုက်နှစ်သက်ကြတဲ့ လမ်းစဉ်အရ မူချပေးလာတဲ့ ဗဟိုလမ်းစဉ်ဖြစ်ပါတယ်။
သို့်သော်လည်း ပြည်နယ်များညီညွတ်ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌကြီးနဲ့ ကိုယ်စားလှယ် တော်များတင်ပြသွားသလို (၁၃)နှစ် (၁၃)မိုး လက်တွေ့ ကျင့်သုံးလာကြတဲ့အခါ တည့်မတ်နေ ရမယ့် ချိန်ခွင်လျှာဟာ မူလအနေအထားမျိုးမဟုတ်တော့ဘဲ ဘယ်ဖက် ယိမ်းချင်သလိုလို၊ ညာဖက်ယိမ်းချင်သလိုလို ဟိုယိမ်းဒီယိမ်း ယိမ်းနေတာကို တွေ့နေရပါတယ်။ ဒါကို သတိဆိုတဲ့ ပဇ္ဇဉ်တရားနဲ့ မှတ်ကျောက်တင် ကြည့်လိုက်တဲ့အခါ မူလအခြေခံ လောကပါလတရားဖြစ်တဲ့ မျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဆိုတဲ့ ချိန်ခွင်လျှာဟာ အခြေခံ ဥပဒေ ခဏခဏဝင်တိုက် ဝင်ဆောင့်မိတဲ့အတွက် မူမမှန်တော့ဘဲ ဥပဒေပုဒ်မတွေ တတိုက်ထဲတိုက်၊ တပွတ်ထဲပွတ် ပွတ်တိုက်ပါများတော့ မူလအတိုင်းမဖြစ်တော့ဘဲ ဘယ်ယိမ်းညာ ယိမ်းဖြစ်ပြီး တည့်မတ်ခြင်း မရှိတော့တာတွေကို တွေ့မြင်လာရပါတယ်။
ဒီလိုချို့ယွင်းချက်တွေကို တွေ့လာတော့ ဗိုလ်ချုပ်အောင်ဆန်း၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ သခင်မြ၊ မန်းဘခိုင်၊ ဆရာကြီး ဦးရာဇတ်၊ ဒီးဒုတ် ဦးဘချို၊ ဦးဘဝင်းတို့ရဲ့ သွေးနဲ့ချွေးနဲ့ဇွဲနဲ့ မလျှော့သော လုံ့လနဲ့ အမျိုးသားညီညွတ်ရေး၊ တရားမျှတရေး၊ လွတ်လပ်ရေး အခြေခံအုတ်မြစ်ချပြီး တည်ဆောက်ခဲ့တဲ့ ပြည်ထောင်စုကြီးဟာဖြင့် စစ်မှန်ခြင်းမရှိတော့ဘဲ မစစ်မမှန်တဲ့ ပုံပန်းသဏ္ဍာန်အမျိုးမျိုးသို့ ပြောင်းလဲလာနေပြီဆိုတာကို ဉာဏ်မျက်စေ့ဖြင့် ကြည့်ဖို့ပင်မလိုတော့ပါဘူး။ သာမန်မျက်စေ့နဲ့ဘဲ ကွင်းကွင်းကွက်ကွက်မြငနေကြရလို့ ဝန်ကြီးချုပ်အမိန့်ရှိသလို ပြည်ထောင်စုကြီး ပြိုကွဲတော့မလား၊ ပျက်စီးတော့မလားဆိုတာ ကျနော်တို့နဲ့တကွ ပြည်ထောင်စုသားတိုင်း ယူကြုံးမရ စိုးရိမ်ကြောင့်ကျ ပူပင်သောက ဖြစ်နေ ကြရပါတယ်။
ဒါတွေဟာ ကျနော်တို့လျှောက်လာရတဲ့ (၁၃)နှစ်ခရီးမှာ ဆန်းစစ် တွေ့ကြုံနေရတဲ့ ချို့ယွင်းချက် အချက်အလက်တွေပါဘဲ။ ဒီလိုတဖြးဖြေးပြိုပျက်နေတဲ့ ပုံမှားပြည်ထောင်စုကြီးကို စွန့်လွှတ်ပြီး မူလပုံမှန်ဖြစ်တဲ့ ပြည်ထောင်စုစစ်စစ်မူနဲ့ ကုစားလိုက်ရင် ကျနော်တို့ရဲ့ စိုးရိမ်ကြောင့်ကျမှုတွေဟာ အလိုလိုပပျောက်ပြီး တိုင်းရင်းသားပေါင်းစုံမှာ တကယ့်မိသားစုစိတ်နဲ့ ပြည်ထောင်စုကြီးကို သာယာဝပြော တည်တန့်အောင် ထိန်းသိမ်းစောင့်ရှောက်သွားနိုင်လိမ့် မယ်လို့ ကျနော်မြင်ပါတယ်။
ဒီတော့ မူလချထားတဲ့ လောကပါလတရားအခြေခံပြုတဲ့မူအရ ပြည်ထောင်စုစစ်စစ် ပြန်လည်ဖြစ်ပေါ်လာအောင် ဗိုလ်ချုပ်အောင်ဆန်း၊ မိုင်းပွန်စော်ဘွားကြီး စတဲ့ ခေါင်းဆောင်ကြီးများကို ချစ်ခင်သောအားဖြင့်၊ လေးစား ကြည်ညိုသောအားဖြင့်၊ သစ္စာရှိသောအားဖြင့် ဗုဒ္ဓမြတ်စွာဘုရားရဲ့သာသနာတော်ကို(၂၅ဝဝ)ပတ်လုံး ထိန်းသိမ်း လာခဲ့ကြတဲ့အစဉ် အလာလို၊ သာသနာတော့(၅ဝဝဝ)ပတ်လုံး ကျန်တဲ့အချိန်များမှာလည်း နောက်လူနောက်သားများ ထိန်းသိမ်းစောင့်ရှောက်သွားကြရမှာလို ပြုပြင်ထိန်းသိမ်းသွားစေချင်ပါတယ်။
ဒါဟာ ဘာလဲဆိုရင် လောကုတ္တရာနိဗ္ဗာန် ရောက်ရာရောက်ကြောင်း လမ်းစဉ် အုတ်မြစ်ကို သာသနာ(၅ဝဝဝ) တည်ပါစေဆိုပြီး သုတ်၊ ဝိနည်း၊ အဘိဓမ္မာဆိုတဲ့ ပိဋကတ် သုံးပုံဖြင့် ဗုဒ္ဓမြတ်စွာဘုရားကိုယ်တော်တိုင် သတ်မှတ် ပေးတော်မူခဲ့ပါတယ်။ ဒီလို မှန်ကန် တည့်မတ်တဲ့မူ ချမှတ်ပေးတော်မူပြီး (၄၅)ဝါပတ်လုံး သာသနာတော်ကိုပြုပြီးတဲ့နောက် ပရိနိဗ္ဗာန်စံလွန်တော်မူပါတယ်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်တော်မူပြီး စံလွန်တော်မူတယ် ဆိုရင်ဘဲ ရဟန္တာမြတ်များမှအပ ကျန်ရဟန်းတော် သံဃာတော်များ ဝမ်းနည်းပက်လက် ဖြစ်ပြီး ယူကြုံးမရ ငိုကြွေးကြပါတယ်။
ဒီတော့ တုဘရရဟန်းကြီးက “ငါ့ရှင်တို့ ဘာလို့ငိုရသလဲ။ မငိုနဲ့။ ဘုရား ပရိနိဗ္ဗာန်စံတာ ဒို့အတွက် ပိုကောင်းတယ်။ ဒါမှ ဒို့ ထင်သလိုနေရမယ်။ သူရှိတုန်းက အချုပ်အချယ်တွေ များတယ်။ ဘာကလေးဘဲလုပ်ရင် သူက လိုက်လိုက်ပြီး ဟန့်တားတယ်။ ဝိနည်းတော်အသစ်တွေ အသစ်တွေထုတ်ထုတ်ပြီး ပညတ်တယ်။ ခုတော့ ဒို့ထင်သလိုနေ၊ ထင်သလို လုပ်ရတော့မယ်။ မငိုကြတဲ့။ ပျော်ပျော်ရွှင်ရွှင်သာနေကြ၊ လွတ်လွတ်လပ်လပ် လွတ်လပ်စွာနေကြ”ဆိုပြီး လိုက်ဟောလိုက် ပြောလိုက်ပြီး ဝါဒဖြန့်တယ်။
ဒါကို ရှင်မဟာကဿပ ရဟန်းတော်အရှင်မြတ်ကြီးက မြင်တော့ ဒီလိုလွှတ်ထားရင် သာသနာတော်ကြီး ထိခိုက်တော့မယ်၊ ပျက်စီးတော့မယ်၊ ပြိုပျက်တော့မယ်ဆိုတာကို မြင်တော်မူတာနဲ့ ကျန်တဲ့ ရမန္တာအရှင်မြတ်များကို တိုင်ပင်တော်မူပြီး (၃)လအတွင်း ရဟန်း (၅ဝဝ)နဲ့ ပထမသင်္ဃာယနာ တင်တော်မူခဲ့ကြပါတယ်။
ဒီလိုနဲ့ ချို့ယွင်းချက်တွေကို တွေ့တိုင်းတွေ့တိုင်း၊ မူရင်းကို ထိခိုက်လာတိုင်း သာသနာ့ဒါယကာအမည်ခံ မင်းများက ထေရ်ကြီးဝါကြီး အရန်းအရှင်မြတ်များနဲ့တိုင်ပင်ညှိနှိုင်းပြီး သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြပါတယ်။ ဒါဟာ မင်းတုန်းမင်းတရားကြီး လက်ထက်တော်အထိ (၅)ကြိမ်တိတိဖြစ်ပါတယ်။
ခရစ်ယာန်သာသနာမှာလည်းဘဲ သမာကျမ်းစာအဟောင်းမှ သမာကျမ်းစာ အသစ်သို့ မူရင်းမပျက်စေဘဲ သာသနာကို စောင့်ထိန်းခဲ့တယ်ဆိုတာ သိရပါတယ်။ ဒီလို သာသနာတော်တွေကို သုတ်၊ ဝိနည်း၊ အဘိဓမ္မာဖြင့် ချုပ်ကိုင်၍ ထွန်းတောက် လာသလို အုပ်ချုပ်ရေးဖက်ကလည်း သီရိဓမ္မာသောကမင်းလက်ထက်၊ မိလိန္နမင်းကြီးလက်ထက်စတဲ့ သာသနာပြုမင်းများဟာ လောကပါလ တရားနဲ့အညီ ကျောကသားလည်းသား၊ ရင်ကသားလည်းသား မခွဲခြားဘဲ အုပ်ချုပ်စေခဲ့၍ တိုင်းသူပြည်သားလူအများမှာ ရေထိတဲ့ ပဒုမ္မာကြာလို အေးချမ်းသာယာပြီး လောကီအကျိုးစီးပွား၊ လောကုတ္တရာအကျိုး စီးပွားများကို စိတ်ချလက်ချ ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။
ကျွန်ဘဝက လွတ်မြောက်လာပြီးသည့်နောက် ကျနော်များ ပြည်ထောင်စုမြန်မာ နိုင်ငံတော်မှာလည်း ဝန်ကြီးချုပ်ကိုယ်တိုင် စရိယသုံးပါး ကျင့်သုံးလာခဲ့တဲ့အတွက် မြတ်စွာဘုရားရဲ့ ပိဋကတ်တော် မူမမှန် ချို့ယွင်းတိမ်းပါးရှိသည်များကို မူရင်းမပြတ် ပြန်လည်ပြုပြင် စက်တင်ပုံနှိပ်ထားရှိနိုင်ရန် ထေရ်ကြီး ဝါကြီးဖြစ်တော်မူကြတဲ့ ဝိနယဓရပိဋကဂန္တာရ၊ ဘဏ္ဍာ ဂါရိက အရှင်မြတ်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပညာရှိလူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်များ၊ ထေရဝါဒနိုင်ငံများမှ ရဟန်းပညာရှိ လူပညာရှိများအား ပင့်ဖိတ်လို့ ဤမျှမင်းပေါင်းစုံ၊ သံဃာတော်ပေါင်းစုံကြွရောက် ဆဋ္ဌသံဃာယနာတင်တော်မူကြသည်မှာ အံ့မခမ်း ကြီးကျယ် ခမ်းနားစွာ ဆင်ယင်ကျင်းပ အောင်မြင်ခဲ့သည်မှာလည်း လူကြီးမင်းများအသိဖြစ်ပါတယ်။
မြတ်စွာဘုရားရဲ့အဆုံးအမကို ပိဋကတ်တော်ကု ဆေးကျောသုတ်သင် သင်္ဂါယနာတင်ခဲ့သလို ကျနော်များရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကိုလည်း ခေါင်းဆောင်ကြီးများ ချမှတ်ထားတဲ့ ပြည်ထောင်စုစစ်စစ်မူအတိုင်း တိကျမှန်ကန်အောင် စီစစ်လျက် ပြည်မ/ ပြည်နယ်အသီးသီးမှ ခေါင်းဆောင်များနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ဆက်လက် ဆောင်ရွက်သွားပေးပါလို့ ပန်ကြားလိုပါတယ်။
ကျနော်တို့ ဒီလိုအစီရင်ခံ ပန်ကြားရင်း ပြည်နယ်များညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌကြီးနဲ့ ပြည်နယ်များညီညွတ်ရေးအဖွဲ့ ကိုယ်စားလှယ်တော်များ တင်ပြတောင်းဆိုချက်ကို ချွင်းချက်မရှိ လေးနက်စွာဖြင့် ထောက်ခံလိုပါတယ်။ ဒီလိုထောက်ခံခြင်းဖြင့် ကျနော်တို့ဟာ ပြည်မရှိ နောင်တော်များကို မုန်းတီးလို့၊ ပြည်ထောင်စုကြီးကို ပျက်ပြားအောင် ကျွန်ဘဝရောက်အောင် အပြင်ပပယောဂတွေကြောင့်ဆိုတဲ့ စွပ်စွဲချက်တွေအားလုံးဟာ လုံးဝမမှန်ကန်ကြောင်းကို ရိုးသားစွာ ဝန်ခံလိုပါတယ်။
ကျနော်များဟာ ပြည်မခေါင်းဆောင်ကြီးများနဲ့အတူ လက်တွဲဆောင်ရွက်ခဲ့ကြလို့ လွတ်လပ်ရေးကြီးကို ရလာကြတဲ့အတိုင်း ပါရမီဖြည့်ဖက် ဆိုးတူကောင်းဖက်ဖြစ် ကြပါတယ်ဆိုတာ မမေ့မလျော့သောသတိတရား လက်ကိုင်ထားပြီး မိသားစုစိတ်ဓါတ်ဖြင့် တန်းတူညီမျှမှု ရရှိစေမယ့် လွတ်လပ်တဲ့ပြည်ထောင်စုကြီးကို ဖန်တီးကြပါစို့လို့ ပန်ကြားခြင်းသာ ဖြစ်ပါတယ်။
ဒီလိုပန်ကြားခြင်းမှာလည်း အကြောင်းရှိပါတယ်။ ရိုးရိုးသားသားနဲ့ အစီရင်ခံရမယ်ဆိုရင် ဒီ(၁၃)နှစ် (၁၃)မိုးမှာ ပြည်နယ်များရဲ့ အခက်အခဲပြဿနာတွေကို ဘယ်လိုရင်ဆိုင်တွေ့ ကြုံလာတဲ့တိုင်အောင် ဝန်ကြီးချုပ်ဟာ သန့်ရှင်းစွာဖြင့် မဖြစ်ဖြစ်တဲ့နည်းနဲ့ ဖြေရှင်းပေးနေတာကိုလည်း ကျနော်များ လက်တွေ့တွေ့ကြုံနေရပါတယ်။
ဤကိစ္စမှာလည်း မဖြစ်နိုင်၊ မလိုက်လျောနိုင်တဲ့ကိစ္စမျိုးမဟုတ်။ ဖြစ်နိုင်၊ လိုက်လျောနိုင်တဲ့ လောကပါလတရားကို ထိန်းသိမ်းဖို့ဖြစ်လို့ ဝန်ကြီးချုပ်နဲ့ အပေါင်းအပါ ပြည်မရှိ ခေါင်းဆောင်ကြီးများကို ယုံကြည်ကိုးစားစွာဖြင့် ဖြစ်မြောက် အောင်မြင်အောင် ဆောင်ရွက်ပေးပါလို့ လုံးဝပုံအပ်ခြင်းသာဖြစ်ပါတယ်။
ကျနော်တို့ရဲ့စေတနာကို ဤမျှနဲ့ဘဲ သိလောက်ပါပြီ။ အမျိုးသားညီညွတ်ရေး၊ တရားမျှတရေး၊ လွတ်လပ်ရေး၊ ညီမျှရေးကို အစွမ်းကုန် ပေးစွမ်းနိုင်တဲ့ ပြည်ထောင်စုကြီး ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းပြီး ပါရမီအပြန်အလှန်ဖြည့်ကြပါလို့ ညီငယ်အနေဖြင့် တိုက်တွန်းရင်း ချမ်းသာသုခအပေါင်းနဲ့ ပြည်စုံကြပါစေဆိုတာ ဆုတောင်းရင်း နိဂုံးချုပ်ပါရစေ။ ။
သြဘာသံများ