ချင်းတိုးတက်ရေးပါတီ(Chin Progressive Party)

ချင်းတိုးတက်ရေးပါတီ CPP အား ယခုနှစ် မတ်လ ၂၄ ရက်နေ့တွင် အဖွဲ့ဝင် ၂၂ ဦးဖြင့် ရန်ကုန်မြို့တွင် စတင်ဖွဲ့စည်းခဲ့ပြီး၊ လက်ရှိတွင် ပါတီအဖွဲ့ဝင် အင်အား ၃ဝဝဝ ကျော် ရှိကြောင်း ပါတီဒုဥက္ကဋ္ဌ Pu No Than Kap က ပြောသည်။

CPP သည် လာမည့် ရွေးကောက်ပွဲတွင် ချင်းလူမျိုးများ နေထိုင်သည့် ပြည်နယ်နှင့် တိုင်းများတွင် လွှတ်တော် ၃ ရပ်လုံး၌ ဝင်ရောက်ယှဉ်ပြိုင်မည်။ မကြာခင် ကျင်းပမည့် ပါတီအစည်းအဝေးတွင် ရွေးကောက်ခံမည့် CPP လွှတ်တော်ကိုယ်စားလှယ်လောင်း မည်ရွေ့မည်မျှ ထားရှိမည်ကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။



ယခုလ ၁ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်အမှတ် ၂၆ ဖြင့် မှတ်ပုံတင်ခွင့်ပြုသည်။
ပါတီရုံးချုပ်ကို ရန်ကုန်မြို့တွင် အခြေစိုက်ထားသည်။

မဇ္ဈိမ၏ မေးမြန်းချက်များကို Pu No Than Kap က အီးမေးလ်မှတဆင့် ဖြေကြားခဲ့ခြင်း ဖြစ်သည်။)

CPP ဖွဲ့စည်းပုံ

(က) ရပ်ကွက် / ကျေးရွာ အုပ်စုပါတီ (အခြေခံပါတီ)

(ခ) မြို့နယ်ပါတီ

(ဂ) ဗဟိုပါတီ

(ဃ) ပါတီညီလာခံ

ပါတီမူဝါဒ အကျဉ်းချုပ်

အကြမ်းမဖက်သော နည်းဖြင့် ချင်းလူမျိုးများ၏ တိုးတက်ရာ၊ တိုးတက်ကြောင်းကို အတတ်နိုင်ဆုံး ဆောင်ရွက်သွားမည်။

၂ဝဝ၈ ခုနှစ် အခြေခံဥပဒေအပေါ် အမြင်

မြန်မာပြည်ရှိ တိုင်းရင်းသား လူများအတွက် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရန် လမ်းစဖွင့်ပေးသည်ဟု မြင်သည်။

၂ဝဝ၈ ခုနှစ် အခြေခံဥပဒေတွင် ပြင်ဆင်လိုသည့် အချက်

အဓိကအားဖြင့် နယ်စပ်တလျှောက်ရှိ တောင်တန်းသား တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်ကို ယခုထက် ပိုမိုရရှိရန် ပြင်ဆင်လိုသည်။ တိုင်းရင်းသား ဘာသာစကားနှင့် စာပေသင်ကြားခွင့် ဥပဒေ၊ ပညာသင်ကြားရေးဆိုင်ရာ ပြည်နယ်လွှတ်တော်များသို့ လုပ်ပိုင်ခွင့် လွှဲပြောင်းရေး ဥပဒေနှင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ဥပဒေကိုလည်း ပြင်ဆင်လိုသည်။

ချင်းပြည်နယ်၏ လက်ရှိ နိုင်ငံရေး အခြေအနေ


စားဝတ်နေရေးအတွက် ရုန်းကန်နေကြရသဖြင့် ချင်းပြည်နယ်ရှိ အများစုသည် နိုင်ငံရေးကို ၎င်းတို့နှင့် မသက်ဆိုင်ဟု ရှုမြင်နေကြသည်။

ချင်းပြည်နယ် လက်ရှိ စီးပွားရေး အခြေအနေနှင့် ထွက်ကုန်များ
စီးပွားရေးအခြေအနေ လုံးဝမကောင်းပါ။ အချို့နေရာများတွင် ဘိလပ်မြေ၊ သံနှင့် ရေနံ ထွက်သည်။ လက်ဖက်နှင့် ထင်းရှုးပင်လည်း စီးပွားဖြစ်လောက်အောင် အခြေအနေ ရှိတယ်။ သစ်သီးမျိုးစုံလည်း ရှိသည်။ သို့သော် ပြည်သူ့အကျိုးပြု ဖြစ်စေရန် စနစ်တကျ လုပ်ဆောင်နိုင်ခြင်း မရှိသဖြင့် ထွက်ကုန်မရှိသကဲ့သို့ ဖြစ်နေသည်။

ထွက်ကုန်များကို ပြည်နယ်အကျိုးစီးပွားအတွက် မည်သို့လုပ်ဆောင်လိုသနည်း

ဈေးကွက် စီးပွားရေးစနစ် ဖွင့်ပြီးမှ ထွက်ကုန်များကို ပြည်တွင်းမှာသော်လည်းကောင်း၊ နယ်စပ်ကျော်ပြီး ဈေးကွက်ဖွံ့ဖြိုးရန် လိုအပ်ပါလိမ့်မည်။ ဤနေရာတွင် လမ်းပန်းဆက်သွယ်ရေးကို အဓိကကျသည့် နေရာများတွင် အမြန်ဆုံး ဖောက်လုပ်ရပါမည်။


မည်သို့သောကြောင့် ချင်းပြည်နယ် မတိုးတက်ရသနည်း
ချင်းလူမျိုးများက ချင်းပြည်နယ်အပေါ် လိုအပ်သလို ဆောင်ရွက်ပိုင်ခွင့် မရှိသေးသောကြောင့် ဖြစ်သည်။


တိုးတက်ဖြစ်ထွန်းစေရန် မည်သို့လုပ်ဆောင်လိုပါသနည်း
ပြည်နယ်အစိုးရ ပေါ်ပေါက်လာပြီးရင် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေးနှင့် ကျန်းမာရေး အစရှိသည့် ဘက်စုံတိုးတက်ရေးကို မနားမနေ ဆောင်ရွက်ရန် လိုအပ်မည်။

ပညာရေးတိုးတက်ရန် မည်သို့ဆောင်ရွက်မည်နည်း
အလယ်တန်းကျောင်းအထိ အခမဲ့ ပညာသင်ကြားနိုင်ရန် ကြိုးစားဆောင်ရွက်သွားမည်။ ရှိပြီးသားကျောင်းများတွင် အရည်အချင်းရှိ ကျောင်းဆရာများကိုသာ ထားရှိပြီး သင်ကြားနည်းနှင့် သင်ရိုးမာတိကာများအား ခေတ်နှင့်လျော်ညီစွာ ပြုပြင်ပြောင်းလဲမည်။ လက်ရှိတွင် ၁ဝ တန်းမှ ဘွဲ့ယူသည်အထိ ရှိနေကြသော်လည်း အရည်အချင်းပိုင်းတွင် လိုအပ်နေသေးသည်။


ပြည်ပနိုင်ငံများသို့ ချင်းပြည်သူများ ထွက်ခွာနေကြသည့်အပေါ် အမြင်
လူ့ဘဝမှာ စား၊ ဝတ်၊ နေရေး ဆိုသည့် အဓိက အရာ ၃ ခုအနက် “ဝတ်နှင့် နေရေး” ကို အသာထား၊ ပထမအဆင့်ဖြစ်သည့် “စား” အဆင့်မှာပင် ဝမ်းဝအောင် စားစရာမရှိသဖြင့် ရေကြည်ရာမြတ်နုရာ ရှာဖွေကြရခြင်း ဖြစ်သည်။

ပြည်ပသို့ ထွက်ခွာသဖြင့် ပြည်နယ်အတွက် အကျိုးဆက်
အထူးသဖြင့် ဖွံ့ဖြိုးသည့်နိုင်ငံ ရောက်ရှိပြီး ပညာမျိုးစုံ သင်ယူခြင်းအားဖြင့် တနေ့ကျလျှင် ချင်းပြည်နယ်ကို အကျိုးပြုနိုင်လိမ့်မည်။ အဆိုးဘက်မှ ကြည့်မည်ဆိုပါက အထူးသဖြင့် လူငယ်အများအပြား ပြည်ပရောက်နေသောကြောင့် ခေတ်နှင့်လိုက်လျောညီထွေစွာ ချင်းပြည်နယ် တိုးတက်ရေးအတွက် တာဝန်ယူဆောင်ရွက်နိုင်မည့်သူ လျော့နည်းနေသည်။

ချင်းပြည်သူများအတွက် အဓိက လိုအပ်ချက်
ချင်းပြည်တိုးတက်ဖွံ့ဖြိုးစေရန် အဓိက တာဝန်အရှိဆုံးသည် ချင်းလူမျိုးများသာဖြစ်ကြောင်း နေရာတိုင်းမှာရှိသည့် ချင်းပြည်သူများ သိရှိရန်မှာ အလိုအပ်ဆုံးဖြစ်သည်။

ပါတီ ဗဟိုအလုပ်အမှုဆောင် CEC နှင့် ဗဟိုကော်မတီ CC အမည်စာရင်းနှင့် တာဝန်

၁။ Pu Lian Ce ဥက္ကဋ္ဌ

၂။ Pu No Than Kap ဒု-ဥက္ကဋ္ဌ (၁) ပြောရေးဆိုခွင့်ရှိသူ

၃။ Pu Sun Thaih ဒု-ဥက္ကဋ္ဌ (၂)

၎။ Pu Zung Hlei Thang အထွေထွေ အတွင်းရေးမှူး

၅။ Pu Dai Thung တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) သတင်းနှင့် ပြန်ကြားရေး

၆။ Pu Shein Thun တွဲဖက် အထွေထွေ အတွင်းရေးမှူ (၂)

၇။ Pu P. S. Kham Do Nang တွဲဖက် အထွေထွေ အတွင်းရေးမှူ (၃)

၈။ Pu Van Bawm ဘဏ္ဍာရေးမှူး

၉။ Pu Van Kheng တွဲဖက် ဘဏ္ဍာရေးမှူး

၁ဝ။ Pu Za Soe အဖွဲ့ဝင်

၁၁။ Pu Tin Maung အဖွဲ့ဝင်

၁၂။ Pu Cho Maung Maung အဖွဲ့ဝင်

၁၃။ Pu Dong Hannecy Thang အဖွဲ့ဝင်

၁၄။ Pu Jhan Ce အဖွဲ့ဝင်

၁၅။ Pu Maung Hlei Maung အဖွဲ့ဝင်

၁၆။ Pu Khuang Lian အဖွဲ့ဝင်

၁၇။ Pu Chan Lian အဖွဲ့ဝင်

၁၈။ Pu Biak Za Moui အဖွဲ့ဝင်

၁၉။ Pu Saw Mya အဖွဲ့ဝင်

၂ဝ။ Pu Van Maung အဖွဲ့ဝင်

၂၁။ Pu Biak Lian Thang အဖွဲ့ဝင်



လက်ရှိ ပါတီဦးဆောင်သူ ၂၁ ဦးသည် မတူပီ၊ ပလက်ဝ၊ ဖလမ်း၊ မင်းတပ်၊ ကန်ပက်လက်၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များမှ ဖြစ်သည်။ ၎င်းတို့အထဲတွင် ရဲမှူး (ပင်စင်)၊ ကျန်းမာရေးဝန်ထမ်း (ပင်စင်)၊ ကုမ္ပဏီပိုင်ရှင်၊ မြို့နယ် အေးချမ်းသာယရေး မယက ဥက္ကဋ္ဌ (ပင်စင်)၊ ပြည်နယ် အေးချမ်းသာယာရေး ပယက အဖွဲ့ဝင် (ပင်စင်)၊ ကျူရှင်ဆရာနှင့် လုပ်ငန်းရှင်များလည်း ပါရှိသည်။

Pu No Than Kap ကိုယ်ရေးအကျဉ်း



အမည် Pu No Than Kap

မွေးသက္ကရာဇ် ၃ဝ ရက်၊ သြဂုတ်လ၊ ၁၉၅၅ ခုနှစ်

မိဘ Pu Tin Kap နှင့် Pi Zam Thluai

မွေးချင်း ၁၂ ဦးအနက် ၈ ဦးမြောက်

ဇနီး Pi Sui Hlam Thluai

နေရပ်လိပ်စာ ၃၂ လမ်း၊ သီရိမင်္ဂလာ၊ အင်းစိန်မြို့၊ ရန်ကုန်တိုင်း



နိုင်ငံရေးလောက ရောက်ရှိလာပုံ



၁ဝ တန်းတက်ရင်း မြန်မာ့နိုင်ငံရေးနှင့် ချင်းပြည်နယ် နိုင်ငံရေးကို စိတ်ဝင်တစား လေ့လာခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ချင်းလူမျိုးများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင် တော်လှန်နေသည့် ချင်းအမျိုးသားတပ်ဦး (CNF) ၏ ဥက္ကဋ္ဌ ဖြစ်လာသည်။ ထိုအချိန်တွင် တော်လှန်ရေးလုပ်နေသည့် ချင်းအဖွဲ့အစည်းများဖြစ်သည့် (CNO, CDP, ZLF, BDF) များကို စည်းရုံးကာ (CNF) သို့ ပေါင်းစည်းရန် လုပ်ဆောင်နိုင်ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ချင်းအမျိုးသားတပ်မတော် (CNA) ကို ကရင်နယ်မြေ Klerdy စခန်းတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အကူအညီဖြင့် စတင်တည်ထောင်ခဲ့သည်။



၁၉၈၉ ခုနှစ် မတ်လတွင် CNF ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စုပေါင်းဖွဲ့စည်းထားသည့် အမျိုးသားဒီမိုကရက်တစ်တပ်ဦး NDF (မဒတ) တွင် ဝင်ရောက်သည့် ၁၁ ဖွဲ့မြောက်အဖြစ် ပါဝင်စေခဲ့သည်။ DAB ဖွဲ့စည်းတည်ထောင်သူများတွင် ပါဝင်ခဲ့သူ ဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် WGIP, UNO တွင် ချင်းရေးရာကို ပထမဆုံးအကြိမ် တင်ပြပြောဆိုခဲ့သူ ဖြစ်သည်။ ၁၉၉၆ ခုနှစ်တွင် အိန္ဒိယ စစ်တပ်က ဖမ်းဆီးကာ မြန်မာပြည်သို့ ပို့ဆောင်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် မြန်မာစစ်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။ လက်ရှိတွင် CPP ပါတီ ဒု-ဥက္ကဋ္ဌ (ပြေားရေးဆိုခွင့်ရှိသူ) ဖြစ်သည်။