၁၉၆၂ ပြည်ထောင်စုမူနှင့်ပတ်သက်သည့်ဆွေးနွေးပွဲ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု။

၁၉၆၂ ပြည်ထောင်စုမူနှင့်ပတ်သက်သည့်ဆွေးနွေးပွဲ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု။


The National Conference to discuss the Federal Proposal began meeting at 6 p.m. on the 24th of February 1962 while the Parliament was still in session, in the Main Hall of the Burma Broadcasting Service building on Prome Road. (ပုလဲသွယ်)

(၂၄၊ ၂၊ ၁၉၆၂)ရက်နေ့ဆွေးနွေးပွဲမှ တင်ပြဆွေးနွေးချက်များ

နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု




လျို့ ဝှက်
(၁၉၆၂)ခု ဖေဖေါ်ဝါရီလ(၂၄)ရက်နေ့နှင့် မတ်လ(၁)ရက်နေ့

ရန်ကုန်မြို့၊ ပြည်လမ်း အသံလွှင့်ရုံခန်းမဆောင်၌ကျင်းပသော ပြည်ထောင်စုမူနှင့်ပတ်သက်သည့်ဆွေးနွေးပွဲ တင်ပြဆွေးနွေးချက်များ


မာတိကာ
(၂၄၊ ၂၊ ၆၂)ရက်နေ့အစည်းအဝေး

၁။ နိုင်ငံတော် ဝန်ကြီးချုပ် ဦးနု၏ မိန့်ခွန်း

၂။ ရှမ်းပြည်နယ် ဥက္ကဋ္ဌကြီး၊ ဝန်ကြီး သတိုးမဟာသရေစည်သူ စောခွန်ချို

၃။ ကချင်ပြည်နယ် ကိုယ်စားလှယ် ဒူးဝါးဇော်လွန်း

၎။ ချင်းအထူးဝိသေသတိုင်း ကိုယ်စားလှယ် မဟာသရေစည်သူ ကပ္ပတိန်မန်းတုံနုန်း

၅။ ရှမ်းပြည်နယ် ကိုယ်စားလှယ် ဦးထွန်းမြင့်(တောင်ကြီး)

၆။ ကယားပြည်နယ် ကိုယ်စားလှယ် မဟာသရေစည်သူ ဦးစိန်



(၁၊ ၃၊ ၆၂)ရက်နေ့အစည်းအဝေး

၇။ ပ.မ.ည.တ. ကိုယ်စားလှယ် ဝိဓူရသခင်ချစ်မောင်

၈။ ဖ.ဆ.ပ.လ. ကိုယ်စားလှယ် ဦးဘဆွေ



အခမ်းအနားမှူး။ ။ယခုအချိန်ကစပြီး ပြည်နယ်များနှင့်ပတ်သက်သော နှီးနှောဖလှယ်ပွဲကြီးကို စတင်ကျင်းပပါတော့မယ်။ ဒီနှီးနှောဖလှယ်ပွဲမှာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုက သဘာပတိအဖြစ်နဲ့ဆောင်ရွက်ပြီးတော့ ကျနော်က အခမ်းအနားမှူး အဖြစ်နဲ့ ဆောင်ရွက်ပါ့မယ်။ ဒီနေ့ ပထမနေ့အစီအစဉ်မှာတော့

(၁) ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို အလေးပြုခြင်း၊

(၂) ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများကို အလေးပြုခြင်း၊

(၃) နိုင်ငံတော်ဝန်ကြီးချုပ်၏ မိန့်ခွန်း၊

(၄) ရှမ်းပြည်နယ်ဥက္ကဋ္ဌကြီး၊ ဝန်ကြီး သတိုးမဟာသရေစည်သူ စောခွန်ချိုက ဖယ်ဒရယ်မူကို တင်ပြဆွေးနွေးရန်၊

(၅) ကချင်ပြည်နယ်ကိုယ်စားလှယ် ဒူးဝါးဇော်လွန်းက ထောက်ခံတင်ပြရန်၊

(၆) ချင်းအထူးဝိသေသတိုင်းကိုယ်စားလှယ် မဟာသရေစည်သူ ကပ္ပတိန် မန်းတုံနုန်းက ထောက်ခံရန်၊

(၇) ရှမ်းပြည်နယ်ကိုယ်စားလှယ် ဦးထွန်းမြင့်(တောင်ကြီး)က ထောက်ခံရန်၊

(၈) ကယားပြည်နယ်ကိုယ်စားလှယ် မဟာသရေစည်သူ ဦးစိန်က ထောက်ခံရန်။



ယခုအခမ်းအနားကို နိုင်ငံတော်အလံနှင့်ကျဆုံးလေပြီးသောခေါင်းဆောင်ကြီးများကို အလေးပြုရန် အားလုံး လူကြီးမင်းများ မတ်တတ်ထတော်မူပါ။

ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို အလေးပြု။

နေမြဲ။

ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများအား အလေးပြု။

နေမြဲ။

အားလုံး ထိုင်နိုင်ပါတယ်။



ခုချိန်ကစပြီးတော့ နိုင်ငံတော်ဝန်ကြီးချုပ်က မိန့်ခွန်းမြွက်ကြားပါလိမ့်မယ်။



သြဘာသံများ



နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု



လူကြီးမင်းများခင်ဗျား။

ဒီကနေ့ဒီနေရာမှာ ကျနော်တို့ စုဝေးကြတာဟာ ပြည်နယ်များ ညီညွတ်ရေးအဖွဲ့က တင်ပြတဲ့ ဖယ်ဒရယ်မူကို ဆွေးနွေးကြဖို့ဘဲ ဖြစ်ပါတယ်။ ဒီမူနဲ့ပတ်သက်လို့ ဘယ်လိုသဘော ထားတယ်ဆိုတာကို ထုတ်ဖော်ပြောပြဖို့ အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်အနေနဲ့ ကျနော့်မှာ တာဝန်ရှိပါတယ်။



ဒါပေမယ့် ကျနော်ပြောဖို့ အချိန်မရောက်သေးတဲ့အတွက် ကျနော့်သဘောထားကို ဒီကနေ့ ကျနော် ထုတ်ဖော် မပြောသေးပါဘူး။ ကျနော် ထုတ်ဖော်ပြောဖို့ အချိန်ရောက်လာတဲ့အခါ ကျနော် ပြောပါ့မယ်။



လူကြီးမင်းများခင်ဗျား။ ဆွေးနွေးပွဲကို ကျနော်တို့ ဒီလိုစီစဉ်ထားပါတယ်။ ဒီကနေ့ ကျနော် အစည်းအဝေးဖွင့် မိန့်ခွန်းကို ပြောပြီးတဲ့နောက် ရှမ်းပြည်နယ်ဥက္ကဋ္ဌကြီး စောခွန်ချို က ဖယ်ဒရယ်မူကို တင်သွင်းပါလိမ့်မယ်။ ဒီဖယ်ဒရယ်မူကို (၁)ဒူးဝါးဇော်လွန်း-ကချင်ပြည်နယ် ကိုယ်စားလှယ်၊ (၂)ကပ္ပတိန်မန်းတုံနုံး၊ ချင်းအထူးဝိသေသတိုင်းကိုယ်စားလှယ်၊ (၃)ဦးထွန်းမြင့်(တောင်ကြီး)၊ ရှမ်းပြည်နယ် ကိုယ်စားလှယ်၊ (၄)ဦးစိန်- ကယားပြည်နယ် ကိုယ်စားလှယ်တို့က ထောက်ခံကြပါလိမ့်မယ်။



ဒီမိန့်ခွန်းနှစ်ရပ်ကို ပြောကြားပြီးတဲ့နောက် ဆွေးနွေးပွဲကို မတ်လ(၁)ရက်၊ ကြာသပတေးနေ့ ညနေ(၆)နာရီအထိ ရွှေ့ဆိုင်းထားပါ့မယ်။ ဒီလိုရွှေ့ဆိုင်းထားတာဟာ တခြားကြောင့်မဟုတ်ပါဘူး။ ဖယ်ဒရယ်မူနဲ့ ပတ်သက်ပြီး ပြည်နယ် ဥက္ကဋ္ဌကြီး စောခွန်ချိုနဲ့ ဒူးဝါးဇော်လွန်း၊ ကပ္ပတိန်မန်းတုံနုန်း၊ ဦးထွန်းမြင့်၊ ဦးစိန်တို့ တင်ပြပြောကြားသွားတဲ့ အချက်တွေကို ပမညတ၊ ဖဆပလ၊ ရပလဖ၊ ပထစ ခေါင်းဆောင်များနဲ့ နိုင်ငံတော်အစိုးရ အတိုင်ပင်ခံအဖွဲ့ဝင်များက သေသေချာချာ လေ့လာနိုင်ဖို့အတွက် အချိန်ပေးချင်တာကြောင့်မို့ ဖြစ်ပါတယ်။



လူကြီးမင်းများခင်ဗျား။ မတ်လ(၁)ရက်၊ ကြာသပတေးနေ့ ညနေ(၆)နာရီ ဒီနေရာမှာဘဲ အစည်းအဝေး ပြန်စတဲ့အခါ (၁)ပမညတ၊ (၂)ဖဆပလ၊ (၃)ရပလဖ၊ (၄)ပထစ အဖွဲ့တွေကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တဦးစီက အခုဖော်ပြထားတဲ့ အစီအစဉ်အတိုင်း ဖယ်ဒရယ်မူနဲ့ပတ်သက်ပြီး ထားရှိတဲ့ အဖွဲ့ရဲ့သဘောထားများကို တင်ပြပါလိမ့်မယ်။ ဒီနိုင်ငံရေး အဖွဲ့များရဲ့ ကိုယ်စားလှယ်များ ပြောကြားပြီးတဲ့နောက် အစိုးရအတိုင်ပင်ခံအဖွဲ့ကိုယ်စား အဂ္ဂမဟာသီရိသုဓမ္မ ဒေါက်တာဦးဘဦးက အတိုင်ပင်ခံ အဖွဲ့ရဲ့ သဘောထားကို တင်ပြပါလိမ့်မယ်။



လူကြီးမင်းများခင်ဗျား။ အခုပြောခဲ့တဲ့ နိုင်ငံရေးအဖွဲ့တွေနဲ့ အတိုင်ပင်ခံအဖွဲ့ရဲ့ ကိုယ်စားလှယ်တွေဟာ သူတို့ ပြောစရာ ရှိတာတွေကို တနေ့ထဲပြောလို့ ပြီးချင်မှ ပြီးပါလိမ့်မယ်။ အဲဒီလို မပြီးရင် နောက် ထပ်သင့်တော်တဲ့ရက်တွေကို ထပ်ပြီး ချိန်းပေးပါ့မယ်။



လူကြီးမင်းများခင်ဗျား။ ဒီကိုယ်စားလှယ်ကြီးများ ပြောလို့ပြီးတဲ့အခါ (၁)ပြည်နယ်များညီညွတ်ရေးအဖွဲ့မှ ကိုယ်စားလှယ် ၆ ဦး၊ (၂)ပမညတကိုယ်စားလှယ် ၃ ဦး၊ (၃) ဖဆပလကိုယ်စားလှယ် ၃ ဦး၊ (၄)ရပလဖ ကိုယ်စားလှယ် ၃ ဦး၊ (၅)ပထစ ကိုယ်စားလှယ် ၃ ဦးနဲ့ (၆)အတိုင်ပင်ခံ အဖွဲ့ဝင်လူကြီးများပါဝင်တဲ့ကော်မတီတခုကို ဖွဲ့ပေးပါ့မယ်။ ဒီကော်မတီမှာ ကျနော်က နာယက လုပ်ပါ့မယ်။



လူကြီးမင်းများခင်ဗျား။ အဲဒီကော်မတီက ဖယ်ဒရယ်မူနဲ့ပတ်သက်ပြီး ဆွေးနွေးစရာရှိတဲ့ အချက်တွေကို ဆွေးနွေးပြီးတဲ့အခါ ရရှိတဲ့ သဘောတူညီချက်တွေကို ဒီဆွေးနွေးပွဲမှာ အစီရင်ခံပါလိမ့်မယ်။ စေ့စပ်လို့မရနိုင်တဲ့ သဘောကွဲလွဲချက်များ ရှိရင်လည်း ဒီဆွေးနွေးပွဲမှာဘဲ အစီရင်ခံပါ့မယ်။



လူကြီးမင်းများခင်ဗျား။ အစီရင်ခံစာတွေကို ကြည့်ပြီးမှဘဲ နောက်ထပ် ဘာတွေ ဆက်ပြီး လုပ်သွားကြမယ်ဆိုတာကို ဒီဆွေးနွေးပွဲမှာ ဆက်လက်ပြီး တိုင်ပင်ဆွေးနွေးကြပါ့မယ်။



လူကြီးမင်းများခင်ဗျား။ ဆွေးနွေးပွဲရဲ့အစီအစဉ်တွေနဲ့ပတ်သက်ပြီး အခုချိန်အခါမှာ ကျနော် ဒီလောက်ဘဲ ပြောချင်ပါ သေးတယ်။ ဒါပေမယ့် အခုလို အခွင့်ကောင်းရတဲ့အခါ ပြည်ထောင်စု တည်တန့်ခိုင်မြဲရေးနဲ့ပတ်သက်ပြီး အရေးကြီးတဲ့စကား တခွန်းနှစ်ခွန်းလောက်ကို ကျနော်ပြာချင်ပါတယ်။



လူကြီးခင်းများခင်ဗျား။ ဒီကနေ့ကစပြီး ဒီဆွေးနွေးပွဲမှာ ဆွေးနွေးမယ့်ပြဿနာဟာ တခြား မဟုတ်ပါဘူး။ ပြည်ထောင်စုကြီး တည်တန့်ခိုင်မြဲရေးဘဲ ဖြစ်ပါတယ်။ ဒီပြဿနာကြီးကို ပြည်ထောင်စု ကြီးစတင်တည်ထောင်ခဲ့တဲ့ ကျနော်တို့တတွေရဲ့ လက်ထက်မှာမှ ကျေကျေလည်လည် ပြေရှင်းသွားအောင် ကျနော်တို့ မဖြေရှင်းနိုင်ဘူးဆိုရင် နောက်လက်ထက်တွေ မှာတော့ ဘယ်နည်းနဲ့မှ ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ကျနော် တထစ်ချယူဆထားသလို လူကြီးမင်းများလည်း ယူဆထားပြီးပြီဆိုတာ ကျနော်ယုံကြည်ပါတယ်။ ဒီပြည်ထောင်စုကြီးသာ ပြိုကွဲသွားမယ်ဆိုရင် ပြည်နယ်သားတွေ အတွက်ရော၊ ပြည်မသားတွေအတွက်ရော ဘယ်သူ့ အတွက်မှ အမြတ်ထွက်မှာ မဟုတ်ဘူး။ အရှုံးသာ ထွက်မယ်လို့ ကျနော် တထစ်ချယူဆထားသလို လူကြီးမင်းများလည်း ယူဆထား ပြီးပြီဆိုတာ ကျနော်ယုံကြည်ပါတယ်။ အဲဒီတော့ လူကြီးမင်းများခင်ဗျား။ ဒီလောက်အရေးကြီးတဲ့ပြဿနာကို ဖြေရှင်းတဲ့အခါမှာ ပြည်ထောင်စုကြီးကို စတင်တည်ထောင်ခဲ့တဲ့ ကျနော်တို့တတွေဟာ ကျနော်တို့ အပေါ်မှာ ကျရောက်နေတဲ့တာဝန်ကြီးတွေကို အမြဲတမ်းမျက်ချည်မပြတ်ဖို့ ကျနော် သတိ ပေးလိုပါတယ်။ ဒီပြဿနာကြီးကို မဖြေရှင်းနိုင်ရင် ကျနော်တို့နဲ့တကွ ကျနော်တို့ရဲ့ နောင်လာနောက်သားတွေ ရင်ဆိုင်ကြရတော့မယ့် ဘေးတွေ၊ ရန်တွေ၊ အန္တရာယ်တွေကိုလည်း အမြဲတမ်း မျက်ချည်မပြတ်ဖို့ ကျနော် ထပ်မံ သတိပေးလိုပါတယ်။



လူကြီးမင်းများခင်ဗျား။ ဆွေးနွေးပွဲဆိုတာ အကြမ်းအားဖြင့် နှစ်မျိုးနှစ်စားရှိပါတယ်။ တမျိုးကတော့ ရန်သူအချင်းချင်း ဆွေးနွေးပွဲဖြစ်ပြီး၊ တခြားတမျိုးကတော့ မိသားစု ချင်းဆွေးနွေးပွဲဖြစ်ပါတယ်။ မိသားစုဆွေးနွေးပွဲမျိုးဆိုတာ ရန်သူအချင်းချင်း စားပွဲခုံ မှာထိုင်ပြီး ဆွေးနွေးကြတဲ့ ဆွေးနွေးပွဲမျိုးနဲ့ မတူပါဘူး။ ရန်သူအချင်းချင်း ထိုင်ပြီး ဆွေးနွေးကြတဲ့အခါ ကိုယ်ယူဆတာသာ မှန်တယ်၊ မှန်ရမယ်၊ ကိုယ်ယူဆတာသာ အောင်ရမယ်၊ ဒီလိုမအောင်ရင် ဘယ်သူသေသေ ချမယ်ဆိုတဲ့ စိတ်ဓါတ်မျိုး နှစ်ဖက်စလုံးမှာရှိပါတယ်။ မိသားစုချင်း ဆွေးနွေးကြတဲ့ ဆွေးနွေးပွဲမျိုးကတော့ ဒီမိသားစုထဲမှာပါကြတဲ့ ညီအကိုမောင်နှမတတွေဟာ ကိုယ်လိုတာတွေ ကိုယ်တင်ပြကြတယ်၊ အဲဒီလိုတင်ပြတဲ့အခါမှာ သဘောကွဲလွဲချက်တွေ ရှိနေရင် တယောက်နဲ့တယောက် အပေးအယူလုပ်ပြီး သဘောကွဲလွဲချက်တွေကို ညှိနှိုင်းကြတယ်။



လူကြီးမင်းများခင်ဗျား။ အခုဆွေးနွေးပွဲဟာ မိသားစုဆွေးနွေးပွဲဖြစ်ရမယ်၊ ပြည်ထောင်စုမိသားစုထဲမှာပါနေကြတဲ့ လူကြီးမင်းတို့ ကျနော်တို့အသီးသီးဟာ ကိုယ့်ရဲ့ထင်မြင် ယူဆချက်တွေကို အကုန်လုံးထုတ်ပြီး တင်ပြကြတာပေါ့။ ဒီလိုတင်ပြတဲ့အခါမှာ သဘောကွဲလွဲချက်တွေကတော့ ရှိရမှာပေါ့။ ဒီသဘောကွဲလွဲချက်တွေကို ကျနော်တို့ရဲ့အကျိုး၊ ပြည်ထောင်စုကြီးအကျိုးကို မျှော်ကိုးပြီး သဘောတူညီချက် မရ,ရအောင် ညှိနှိုင်းကြရမှာဘဲ။



လူကြီးမင်းများခင်ဗျား။ လူကြီးမင်းများ သိတော်မူတဲ့အတိုင်းပါဘဲ လွန်ခဲ့တဲ့ရွေး ကောက်ပွဲတုန်းက ဒီမိုကရေစီ တည်တန့်ခိုင်မြဲရေးဆိုတဲ့ ကြွေးကြော်သံနဲ့ ကျနော်တို့ ရွေးကောက်ပွဲဝင်ခဲ့ပါတယ်။ ကျနော်တို့မှာ လွတ်လပ်ရေးသာမရှိရင် ဘယ်နည်းနဲ့မှ ဒီမိုကရေစီလည်း ရှိနိုင်မှာ မဟုတ်တဲ့အတွက်၊ ဒီမိုကရေစီ တည်တန့်ခိုင်မြဲရေးအတွက် ကြိုးပမ်းတိုင်း ကြိုးပမ်းတိုင်း၊ လွတ်လပ်ရေး တည်တန့်ခိုင်မြဲရေးကိုပါ ကျနော်တို့ ကြိုးပမ်းနေကြရပါတယ်။ နောက်ပြီးတော့လည်း ပြည်ထောင်စု တည်တန့်ခိုင်မြဲပါမှ ကျနော်တို့ရဲ့ လွတ်လပ်ရေးလည်း တည်တန့်ခိုင်မြဲမှာ ဖြစ်တဲ့အတွက် ဒီမိုကရေစီ တည်တန့်ခိုင်မြဲရေးနဲ့ လွတ်လပ်ရေး တည်တန့်ခိုင်မြဲရေးတို့ကို ကြိုးပမ်းဆောင်ရွက်တိုင်း ဆောင်ရွက်တိုင်း ပြည်ထောင်စုကြီး တည်တန့်ခိုင်မြဲရေးကိုပါ ကိုယ်စွမ်းရှိသရွေ့ ဉာဏ်စွမ်းရှိသရွေ့ ကျနော်တို့ ကြိုးပမ်း ဆောင်ရွက် နေရပါတယ်။



အဲဒီတော့ လူကြီးမင်းများနဲ့လက်တွဲပြီး ပြည်ထောင်စုတည်တန့်ခိုင်မြဲရေး၊ လွတ်လပ်ရေး တည်တန့်ခိုင်မြဲရေး၊ ဒီမိုကရေစီ တည်တန့်ခိုင်မြဲရေးတွေကို အမှန်တကယ်အကျိုး ဖြစ်စေနိုင်တဲ့ နည်းကောင်း လမ်းကောင်းတွေကို ကျနော်တို့ ရှာချင်ပါတယ်။ ဒီ နည်းလမ်းကောင်းတွေကို ကျနော်တို့တွေ့ရလို့ တဦးကိုတဦး လျှော့ပေးဖို့လိုလာရင် ပြည်မသားတွေနဲ့ ပြည်နယ်သားတွေဟာ တဦးကိုတဦး လျှော့ပေးကြဖို့ ဝန်မလေးကြပါနဲ့။ ညီအကိုအချင်းချင်း သွေးချင်း သားချင်းတွေ အပေါ်မှာ တယောက်နဲ့တယောက်၊ တဖက်နဲ့တဖက် လျှော့ပေးရတာ ဂုဏ်မငယ်ပါဘူး။ ဒီလို လျှော့ပေးရပေမယ့် ပြည်ထောင်စုကြီးလည်း တည်တန့်ခိုင်မြဲလာမယ်၊ ပြည်ထောင်စုကြီး တည်တန့်ခိုင်မြဲလာတဲ့အတွက် လွတ်လပ်ရေးလည်း တည်တန့်ခိုင်မြဲလာမယ်၊ လွတ်လပ်ရေး တည်တန့်ခိုင်မြဲလာတဲ့အတွက် ဒီမိုကရေစီလည်း တည်တန့်ခိုင်မြဲလာ မယ်ဆိုရင် ကျနော်တို့ ပြည်ထောင်စုသား အားလုံးအဖို့ ဂုဏ်ယူစရာတောင် ဖြစ်ပါလိမ့်ဦးမယ်။ အဲဒီတော့ ပြည်ထောင်စု တည်တန့်ခိုင်မြဲရေး၊ လွတ်လပ်ရေး တည်တန့်ခိုင်မြဲရေး၊ ဒီမိုကရေစီ တည်တန့်ခိုင်မြဲရေးကို အမှန်တကယ်အကျိုးပြုမယ့် နည်းကောင်းလမ်းကောင်းတွေကို ကျ နော်တို့စုပေါင်းပြီး၊ ကိုယ်စွမ်းရှိသရွေ့ ဉာဏ်စွမ်းရှိသရွေ့ ရှာဖွေကြရအောင်။



ဒီနည်းကောင်းလမ်းကောင်းတွေကို ရှာဖွေတဲ့အခါမှာ ပြည်မသားတွေရော၊ ပြည်နယ်သားတွေပါ မျက်ချည်မပြတ်သင့်တဲ့ အချက်ကြီးတချက်ကို ကျနော်တင်ပြလိုပါတယ်။ ဒီအချက်ကတော့ တခြားဟာ မဟုတ်ပါဘူး။ ကျနော်တို့ ရှာဖွေမယ့် နည်းလမ်းတွေဟာ တရားမျှတရေး၊ လွတ်လပ်ရေး၊ ညီမျှရေးဆိုတဲ့ လောကပါလတရား(၃)ပါးနဲ့ ပြည့်စုံနေတဲ့ နည်းလမ်းတွေ ဖြစ်ရမယ်ဆိုတဲ့ အချက်ဘဲဖြစ်ပါတယ်။



လူကြီးမင်းများခင်ဗျား။ ကျနော် နိဂုံးမချုပ်ခင် ပြည်ထောင်စုကြီးကို စတင် တည်ထောင်လာခဲ့ကြပြီး အကြောင်း အမျိုးမျိုးကြောင့် အခုအခါမှာ စိတ်ဝမ်းကွဲပြားနေကြတဲ့ ပြည်ထောင်စု ခေါင်းဆောင်တွေနဲ့ ပြည်မသားတွေ၊ ပြည်နယ်သားတွေ အားလုံး နိုင်ငံရေးသံဝေဂ ရကြဖို့အတွက် ကျနော်(၁)နှစ်လောက်တုန်းက ကြည့်ခဲ့ရဖူးတဲ့ “ယမနေမယ်” ပြဇာတ်ကလေးကို ကျနော် ဒီနေရာက တင်ပြလိုပါတယ်။



လူကြီးမင်းများခင်ဗျား။ ရှေးတုန်းက ‘ဘရုတ်သုက္ခတိုင်းပြည်’ဆိုတာ ရှိပါတယ်။ အဲဒီ ဘရုတ်သုက္ခတိုင်းပြည်ရဲ့ ‘ငါတကော’ နယ်က ‘ဒူလာဘို’၊ ‘ငါတဗိုလ်’နယ်က ‘အို လေလေ့’၊ ‘ငါတလူ’နယ်က ‘ငတွတ်ကြီး’၊ ‘ငါတမင်း’နယ်က ‘ဗြောင်နောင့် ဗြောင်နောင်’၊ ‘ငါ့မြင်းငါစိုင်း’ နယ်က ‘ဘုရင် ဘုနောင်-တတ်ဗိန်’ဆိုတဲ့ ပညာသင်(၅)ဦးဟာ တက္ကသိုလ် ဆရာကြီး ‘ဦးဂျမ်းထိ’ ဆီမှာ ပညာသွားသင်ကြပါတယ်။



အဲဒီလိုပညာသင်တဲ့အခါ ပညာတော်သင် ‘အိုလေလေ့’က ရုပ်လုံးထုပညာမှာ တဖက်ကမ်းခတ် တတ်ပါတယ်။ ပညာတော်သင် ‘ငတွတ်ကြီး’က ပန်းချီပညာမှာ တဖက် ကမ်းခတ် တတ်ပါတယ်။ ပညာတော်သင် ‘ဗြောင်နောင့် ဗြောင်နောင်’က အရုပ်ကို အသက်သွင်းတဲ့ပညာမှာ တဖက်ကမ်းခတ် တတ်ပါတယ်။ ပညာတော်သင် ‘ဘုရင် ဘုနောင်-တတ်ဗိန်’က လေးအတတ်မှာ တဖက်ကမ်းခတ် တတ်ပါတယ်။ ပညာတော်သင် ‘ဒူလာဘို’ ကတော့ ဘာပညာမှ မတတ်ပါဘူး။ အဲဒီတော့ တက္ကသိုလ်ဆရာကြီး ‘ဦးဂျမ်းထိ’က ဘာပညာမှမတတ်တဲ့ ‘ဒူလာဘို’ကို ‘ယမနေသား’ သစ်တုံးတတုံးကိုပေးပြီး ပညာတော်သင်တွေ အားလုံးကို အိမ်ပြန်ခွင့် ပြုလိုက်ပါတယ်။



လမ်းရောက်တဲ့အခါ ‘ယမနေသား’ကို တက္ကသိုလ်ပြန် ‘အိုလေလေ့’က မိန်းမပျိုလေးအရုပ် ထုလိုက်ပါတယ်။ တက္ကသိုလ်ပြန် ‘ငတွတ်ကြီး’က အင်မတန်လှတဲ့ မိန်းကလေးတယောက် ဆေးခြယ်လိုက်တယ်။ တက္ကသိုလ်ပြန် ‘ဗြောင်နောင့်-ဗြောင်နောင်’ က အသက်သွင်းလိုက်တဲ့အတွက် ဒီမိန်းမပျိုရုပ်လေးဟာ အင်မတန်ချောပြီး အသက်ရှိတဲ့ မိန်းမပျိုလေး ဖြစ်လာပါတယ်။



အဲဒီအခါမှာ ကိုယ်ရွှေတက္ကသိုလ်ပြန်တွေဟာ ဒီမိန်းမပျိုလေးကို သူပိုင်ထိုက်တယ်၊ ငါပိုင်ထိုက်တယ်နဲ့ ဝိုင်းပြီး လုကြပါတယ်။ အဲဒီလို သူတို့ လုနေတုန်း ‘ဝဠာယက္ခ’ငှက်ဆင် တကောင်က အလစ်ဝင်ပြီး အုပ်လိုက်တာ ‘ယမနေမယ်’ လေးဟာ ငှက်ဆင်နောက် ပါသွားရှာပါတယ်။



အဲဒီအခါမှာ ကံကောင်းထောက်မပြီး တက္ကသိုလ်ပြန်‘ဘုနှောင်တတ်ဗိန်’က လေးနဲ့ ပစ်လိုက်တဲ့အတွက် ငှက်ဆင်ကြီး သေပြီး ‘ယမနေမယ်လေး’ပြန်ကျလာပါတယ်။ ဒါပေမယ့် တက္ကသိုလ်ပြန်တွေ အဝေမတည့်တာနဲ့ အသက်သွင်းပေးတဲ့သူက အသက်ကို ပြန်ရုပ်သိမ်း၊ ပန်းချီဆေးခြယ်တဲ့သူက ဆေးတွေကို ပြန်ခြစ်၊ ပန်းပုဆရာကလည်း အရုပ်ကို ဖျက်နဲ့၊ လုပ်လိုက်ကြတာ အင်မတန်လှတဲ့ ‘ယမနေမယ်’လေးဟာ ခုတ်ရာထစ်ရာတွေ၊ ခြစ်ရာဖဲ့ရာတွေ အပြည့်နေတဲ့ သစ်သားတုံး အပေါစားကြီး ဖြစ်သွားရရှာပါတယ်။



လူကြီးမင်းများခင်ဗျား။ တက္ကသိုလ်ပြန်တွေ မိုက်မဲတာကြောင့်‘ယမနေမယ်’ အပျိုချောလေးဟာ ကုတ်ရာခြစ်ရာဖဲ့ရာတွေနဲ့ ဒင်းကြမ်းဖြစ်နေတဲ့ သစ်သားတုံးအပေါစားကြီး ပြန်ဖြစ်သွားရသလို အချုပ်အချာအာဏာပိုင်နေတဲ့ ကျနော်တို့ ပြည်ထောင်စုကြီးဟာ ကျနော်တို့အားလုံးရဲ့မိုက်မဲမှုကြောင့် အင်မတန်အရုပ်ဆိုးလှတဲ့ ကျွန်ဘဝကို ပြန်ရောက်မသွားရ လေအောင် ကျနော်တို့အားလုံး ကိုယ်စွမ်းရှိသရွေ့၊ ဥာဏ်စွမ်းရှိသရွေ့ ကြိုးစားကြပါစို့။ ။



သြဘာသံများ